Wednesday, July 5, 2017

အပိုင်း(၃)

"ဘာကြောင့်လေယာဉ်စီးရမှာမကြောက်သင့်လဲ - ၃ ? "
*********************
အပိုင်း(၃)

အခုရေးပေးနေတဲ့စာစုဟာ တကယ်တော့ လေယာဉ်စီးခရီးသွားများအတွက် သူတို့ရဲ့အကြောက်တရားလျော့စေဖို့ ယေဘူယျ ရေးဖွဲ့ထားခြင်းသာဖြစ်ပါတယ်...

အကြောက်တရားဖြေလျှော့ပါတယ်ဆိုမှကိုယ်ရေးတဲ့စာကြောင့်လဲပိုကြောက်သွားတာမဖြစ်စေချင်ဘူး ...
စာဖတ်သူများရဲ့အကြံလေးလဲရချင်ပါတယ် ..
ဘာလဲဆိုတော့ .." လေယာဉ်မထွက်ခင် ခရီးသည်များကိုကျွန်တော်တို့ပိုင်းလော့တွေက Announcement လုပ်တယ်လေ .. နှုတ်ခွန်းဆက်ရင်း ကြိုတင်ရရှိထားတဲ့လမ်းခရီးရာသီဥတု၊ သွားရောက်မဲ့လေဆိပ်ရာသီဥတုကြေငြာပေးကြတယ် ဟုတ်?
အဲဒီမှာရထားတဲ့ရာသီဥတုက သွားရောက်မဲ့လေဆိပ်မှာမိုးတွေရွာနေတယ်ဆိုရင် မိုးရွာနေကြောင်းအမှန်ပြောသင့်သလား? တိမ်အနည်းငယ်ထူထပ်နေပါတယ်လို့မယုတ်မလွန်ပြောသင့်သလား?

ကြောက်တတ်တဲ့လေယာဉ်စီးခရီးသည်တွေအတွက်စာရေးဖြစ်နေတော့ ကိုယ်သွားမဲ့နေရာကမိုးတွေရွာနေတယ်လို့ရထားရင် ဒီရက်ပိုင်းအဲလို နှုတ်ခွန်းဆက်ကြေငြာရင်နဲနဲလေးတွန့်နေမိတယ် ... ကြောက်တတ်တဲ့သူများပါရင်ပိုများကြောက်သွားနိုင်မလားပေါ့လေ..

လေထဲမှာပျံသန်းနေပြီး ဆိုက်ရောက်မဲ့မြို့ကိုမဆင်းခင် မိနစ် ၃၀ လောက်အလိုမှာအဲဒီကွင်းရဲ့ Update ရာသီဥတုရပါတယ် .. အဲချိန်မှပဲမိုးရွာရင်ရွာတယ်၊ တိမ်ဖုံးရင်ဖုံးတယ် ပြောရင်ကောင်းမလားတောင်စဉ်းစားမိနေတယ် ...
တခါတလေကြလဲ လေယာဉ်မတက်ခင်ကြိုရထားတာကောင်းနေတယ် ၂-၃ နာရီအချိန်ကြာမှာဆိုတော့ ဟိုရောက်လို့ Update ရာသီဥတုကမိုးရွာရင်ရွာနေတာ ...
မနေ့ကဆိုကွမ်ကျိုးဖလိုက်သွားတယ်...ကြိုရတဲ့ရာသီဥတုက တနေ့လုံးမိုးရွာမယ်လို့ရထားတယ်.. ဘေးပတ်ဝန်းကျင်မှာရှိတဲ့မြို့တွေလဲမိုးရွာမယ် .. ဆီတောင်ပိုထည့်သွားခဲ့တယ်..
ဟော ဟိုရောက်တော့ မိုးမရွာဘူး ..တိမ်အသင့်အတင့်မှတိမ်ထူထပ်တဲ့.. ဆင်းတဲ့အချိန်လဲမိုးမရွာဘူး။
ကိုယ်ကတော့မတက်ခင်က ရထားတဲ့ရာသီဥတုနဲ့ ကြေငြာထားတာကမိုးအနည်းငယ်ရွာဆိုတော့ ကြောက်တတ်သူပါရင်မထွက်ခင်ထဲကကြောက်နေလောက်ပြီ 😁😁
............................................
လေယာဉ်ပျံလှုပ်ခါရခြင်းအကြောင်း၊ ဆီအကြောင်း၊ ရာသီဥတုအကြောင်းတွေရေးပြီးပြီဆိုတော့ လေယာဉ်တစီးမှာပါတဲ့ စနစ်လေးတွေကိုအကြမ်းဖျဉ်းပြောကြည့်ရအောင်..

အင်ဂျင် (Engine)
ခရီးသည်တင်လေယာဉ်အများစုဟာ အင်ဂျင် ၂ လုံးပါပါတယ် .. မီးလောင်ရင်အဲဒီအင်ဂျင်ထဲမှာမီးသတ်ဘူးတွေပါပါတယ် .. မီးမလောင်ပဲရိုးရိုးစက်သေတာဆိုရင်လဲ လုံလောက်တဲ့အမြင့်ပေမှာစက်ပြန်နှိုးလို့ရပါတယ် ..
၂ လုံးလုံးမကောင်းဖြစ်တာတော့မဖြစ်နိုင်သလောက်ကိုရှားပါတယ်... (ပြေးလမ်းအတက်ငှက်အုပ်လိုက်တိုက်မိလို့ ၂ လုံးစလုံးအင်ဂျင်ရပ်သွားတာ တခုရှိခဲ့ဘူးတယ်.. ရှေ့က မြစ်ထဲဆင်းခဲ့ရတယ် ..
ခရီးသည် Crew 155 ယောက်ပါတာအကုန်လုံးအသက်ရှင်ပါတယ်..  Sully ဆိုပြီးတောင်ရုပ်ရှင်ပြနေပါပြီ)
အဲတော့ရိုးရိုးပုံမှန် အင်ဂျင် ၂ လုံးစလုံး မီးလောင်ဖို့ ရပ်သွားဖို့ဆိုတာအရမ်းရှားပါးဖြစ်စဉ်ပါ..
အိမ်က ကိုယ့်ကားပဲကြည့်လေ .. အင်ဂျင်ဝိုင်၊ ရေ ၊ regular check တွေလုပ်ပေးရင်လမ်းမှာမောင်းရင်းမီးလောင်ဖို့၊ ထိုးရပ်ဖို့သိပ်မဖြစ်တတ်ဘူး .....
၂ လုံးရှိတာမှာ အင်ဂျင်တစ်လုံးထဲနဲ့လဲ ကောင်းကောင်းဆင်းနိုင်အောင် လေယာဉ်တုနဲ့ (၆) လတစ်ကြိမ်ပိုင်းလော့တိုင်းအစစ်ခံပြီး စံချိန်မှီမှအောင်မြင်ပါတယ် ....
ဒါဆိုအင်ဂျင်ကြီးရပ်သွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့ မိတ်ဆွေများစိတ်ချမ်းသာနိုင်မည်ထင်ပါတယ်..

ပဲ့ထိန်း (Flight Control)
တောင်ပံမှာတပ်ထားတဲ့ အရှိန်ထိန်းပဲ့ထိန်းတွေရှိသလို၊ နောက်အမြည်းက အပေါ်တက်အောက်ဆင်းပဲ့ထိန်း၊ ရှေ့ကိုတည့်တည့်မသွားပဲ ဘေးတိုက်ပါဆွဲပါနေတတ်တဲ့ပဲ့ထိန်းဆိုပြီးရှိပါတယ် ..
ဒါတွေကိုလဲတခုခုမကောင်းရင်ဘယ်လိုလုပ်ရမယ်ဆိုတာ လေယာဉ်တုနဲ့သင်ကြစစ်ကြရပါတယ်..

ဟိုက်ဒြောလစ် (Hydraulic)
လေယာဉ်အမျိုးအစားပေါ်မူတည်ပြီး ၂ မျိုးမှ ၃ မျိုးရှိပါတယ် ..
လေယာဉ်မှာ Hydraulic နဲ့လုပ်ရတာအတော်များများရှိပါတယ် .. အသေးစိတ်သိဖို့မလိုတဲ့အတွက်မပြောတော့ပါဘူး ..
ဒါလဲ တခုမကောင်းရင်ဘာတွေမရတော့ဘူး.. ဘယ်လိုဆင်းမယ် ..
၂ ခုပျက်ရင်အရေးပေါ်ဆိုဘာလုပ်မယ် ဆိုတာတွေကိုလဲ လေယာဉ်တုနဲ့ကျင့်တယ် စစ်တယ်

လျှပ်စစ် (Electric)
အင်ဂျင် ၂ လုံးရဲ့ ဂျင်နရေတာကနေ လျှပ်စစ်ရပါတယ်.. တလုံးမကောင်းလဲ နောက်တလုံးနဲ့လေယာဉ်ကိုလုံလောက်စွာပေးနိုင်ပါတယ်။
တချို့လေယာဉ်တွေမှာ အရံ ဂျင်နရေတာတစ်လုံးအပိုပါပါတယ်.. တချို့မှာဆို အဲဒီ ၃ လုံးစလုံးမရရင်နောက်ထပ် အရေးပေါ်ဂျင်နရေတာတစ်လုံးတောင်ထပ်ပါပါသေးတယ် ..
တခုပျက်ရင်ဘယ်လိုလုပ်၊ ၂ ခုပျက်ရင်ဘယ်လိုလုပ်လေ့ကျင့်ထားကြပြီးဖြစ်ပါတယ် ..
ဒီလိုဆို လျှပ်စစ်အတွက်လဲမိတ်ဆွေတွေစိုးရိမ်စရာမရှိတော့ဘူးပေါ့နော် ..

လေယာဉ်ဘီးအုံ (Landing-Gear)
Hydraulic ကိုအသုံးပြုပြီးချရတာဖြစ်ပါတယ် ..
ရိုးရိုးချလို့မရရင် အရေးပေါ်ချတဲ့ခလုတ်ပါပါတယ် .. ဒါတွေလဲကျင့်ကြရပါတယ် ..
အဲတော့လေယာဉ်ဘီးမကျရင်ဘယ်လိုလုပ်မလဲလို့စိတ်ပူစရာမရှိပါ ..
(အရမ်းရှားပါးဖြစ်စဉ်တွေရှိပါတယ်.. လုံးဝမကျ (သို့) ရှေ့တလုံးမကျ တာမျိုးတွေရှိတတ်ပါတယ်.. အရမ်းရှားပါတယ် .. )အဲလိုဆိုလဲဘယ်လိုဆင်းရမယ်ဆိုတာ Procedure တွေရှိပါတယ် ..

လေဖိအားစနစ် (Pressurization)
လေယာဉ်ကအမြင့်ကြီးမှာပျံတော့ ခရီးသည်တွေသက်တောင့်သက်သာဖြစ်ဖို့ လေယာဉ်အတွင်းကိုလေနဲ့ဖိအားသွင်းပေးထားပါတယ် ... ပေ ၃၅၀၀၀ လောက်ကပျံတဲ့လေယာဉ်ဟာ တကယ့်တကယ် လေယာဉ်အတွင်းမှာခံစားရတာက ပေ ၇၀၀၀ ကျော်လောက်မှာရှိသလောက်ပဲခံစားရမှာပါ ..
အဲဒီစနစ်တွေ တခုမကောင်း (သို့) လုံးဝမကောင်းရင်ဘာလုပ်မယ်ဆိုတာလဲလေ့ကျင့်ထားပြီးသားပါ ..

နောက်ထပ်လဲ ကျန်ပါသေးတယ် .. ဒါပေမဲ့မသိလဲရတဲ့အရာတွေမို့ချန်လှပ်လိုက်ပါတယ်..,
စာလဲရှည်နေပြီဖြစ်တော့ ဒီအရေးကြီးတာလေးတွေကိုပဲအကြမ်းဖျဉ်းရေးပြထားပါတယ် ..
အပိုင်း ၁-၂-၃ ပြီးသွားပြီ.. ဒီလောက်ဆိုကြောက်စိတ်အတော်အတန်လျော့နိုင်ပြီလို့ယူဆပါတယ် ..
မလျော့ဘူး ပိုကြောက်သွားတယ်ဆိုရင်တော့ ကျွန်တော်ပုံဖော်တာညံ့လို့ဖြစ်ပါလိမ့်မယ် ...

ဒီစာစုတွေဟာ Technician တွေအတွက်ရည်ရွယ်တာမဟုတ်ပဲ လေယာဉ်ခရီးကိုကြောက်တတ်တဲ့ခရီးသည်များကို စာနာသောစိတ်အရင်းခံဖြင့်ရေးခဲ့ခြင်းဖြစ်တဲ့အတွက် နားလည်လွယ်အောင်ယေဘူယျဆန်ဆန်ရေးဖွဲ့ရခြင်းဖြစ်ပါတယ် ....
လေယာဉ်စီးရင်း ကြောက်နေရတဲ့စိတ်ဒုက္ခများပြေလျော့နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ် ။

ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ

ကပတိန် ထွန်းထွန်းဝင်း(အမ်အေအိုင်)
၅.၀၇.၂၀၁၇

No comments:

Post a Comment