Aviation & Airport Knowledge(ကိုယ်ပိုင်မှတ်စု)
Monday, July 3, 2017
လေယာဉ်စီးရမှာမကြောက်သင့်သလဲ(၂)
" ဘာကြောင့်လေယာဉ်စီးရမှာမကြောက်သင့်လဲ ? "
*********************
အပိုင်း(၂)
အပိုင်း(၁) တုန်းကပြောခဲ့သလိုဒီစာစုရေးဖြစ်တာက လေယာဉ်စီးရမှာကြောက်နေသူများကိုဖြေလျှော့ပေးချင်စိတ်တစ်ခုနဲ့၊ လေယာဉ်နဲ့ပါတ်သတ်တာကိုစိတ်ဝင်စားသူများဗဟုသုတအသိပညာလေးရစေရန်အတွက်ရည်ရွယ်ခဲ့တယ် ....
စိတ်ထဲမှာဖြေသိမ့်ပေးချင်နေတဲ့စေတနာလေးရှိနေပေမဲ့ ဘယ်လိုချရေးရင်သူတို့အဆင်ပြေသွားမလဲ ဆိုတာတွေးပေမဲ့ဘယ်ကစရမှန်းကိုမသိတော့ အတော်ကြာတဲ့ထိမရေးဖြစ်ခဲ့ဘူး...
နောက်ဆုံးတော့ဘာဖြစ်ဖြစ်ချရေးမယ်ဆိုပြီးရေးခဲ့တယ်...
ကျွန်တော်စဉ်းစားတာက ဒီအကြောက်တရားဟာ ဒီလေယာဉ်ကြီးနဲ့လိုက်ရင်မသိစိတ်မှာ တခုခုဖြစ်မှာကိုစိုးရိမ်ပြီး Secure (လုံခြုံမှု့) မရှိလို့ဖြစ်မှာပဲလို့တွေးမိတယ် ...
ဒါကြောင့်အပိုင်း(၁) မှာ
- လေယာဉ်မှာလုံလောက်တဲ့ဆီပါဝင်တဲ့အကြောင်း၊
- ဘယ်လိုအချိန်လေးတွေမှာ လေယာဉ်တုန်ခါမူ့၊ ဘယ်ညာရမ်းမှု့၊ ပြုတ်ကျမှု့ဖြစ်တတ်ကြောင်း၊
- မိုးတိမ်တွေကိုဘယ်လိုထောက်လှမ်းပြီးဘယ်လိုရှောင်မောင်းကြောင်းအကျဉ်းချုပ်၊
- လှုပ်ခါပြုတ်ကျပေမဲ့ ခါးပါတ်ပတ်ထားပါက အန္တရာယ်မရှိတတ်ကြောင်း
အကျဉ်းချုံးရေးသားပေးခဲ့တယ် ။
သစ်ပင်ရဲ့အကိုင်းလေးတွေဟာလေထဲမှာရှိလို့လေတိုက်ရင်ဘယ်ညာလှုပ်သလိုပဲ လေယာဉ်ဆိုတာကလဲလေထဲမှာ ဖြစ်တဲ့အတွက် လှုပ်ခါမှု့ရှိနေမှာပဲဆိုတာ အားလုံးသိကြတယ် ..
ဘယ်ညာရမ်းမှု့ပြုတ်ကျမှု့တွေဟာအန္တရာယ်မရှိနိုင်ပါဘူးလို့ သိနေပြီဆိုရင်နဲနဲတော့ ကြောက်စိတ်လျော့လာနိုင်မယ်လို့ကျွန်တော်ယူဆပါတယ် ...
ဘာလို့လဲဆိုတော့ အကြောက်တရားဆိုတာ ကိုယ့်ကိုရုပ်ပိုင်း(သို့)စိတ်ပိုင်းတခုခုထိခိုက်ပျက်စီးလာနိုင်မယ်ဆိုရင်/ ထင်ရင်ဖြစ်ပေါ်လာတတ်တာလေ ....
ခု လေယာဉ်စီးချိန်မှာ ဒါကြီးက Secure မဖြစ်ပါဘူးလို့သိစိတ်/မသိစိတ်မှာထင်နေခြင်းကအဓိကကျမယ်ထင်ပါတယ်။ ဒါကြောင့်အဲဒီထင်နေခြင်းကို ကျွန်တော်သိတာလေးနဲ့ဖြေဖျောက်ပေးခြင်းဖြစ်ပါတယ်.....
ကြောက်စိတ်နဲ့ပါတ်သတ်ပြီး ကျွန်တော်ရိုလာကိုစတာမစီးရဲပါဘူး ....
ကြောက်တာထက် အဲဒီဖီလင်ကိုမကြိုက်တာ ...
ကျွန်တော်ကကားစီးရင်တောင်ငယ်ငယ်ကမူးတတ်တယ် ...
လေယာဉ်မောင်ဖြစ်စတုန်းကလဲ ရိုးရိုးပျံတာတောင် လေယာဉ်ကလှုပ်၊ ကိုယ်ကအလုပ်လုပ် ဆိုတော့မူးလိုက်တာ ... တခါတလေ တောင်တွေများတဲ့ ဟဲဟိုး၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ် ခရီးစဉ်တွေလိုက်ပြီးလို့ ဖယ်ရီကားပေါ်ရောက်ရင်ဖလက် ပြပီး ကိုညီထွဌ်သီချင်းလိုဖြစ်ပီ ..
🎶ရီဝေဝေကိုယ့်ခေါင်းထဲမှာ 🎶 ချာချာလည်နေတယ်🎶
🎶ဘယ်အချိန်မှာ ကိုယ်အိပ်သွားတယ်🎶သေချာမရေရာတယ် 🎶🎶
အိမ်ရောက်လို့ရောက်မှန်းမသိလိုက်တာတွေရှိတယ်.. ကားသမားပြောမှသိတယ်..
အိမ်ရောက်ရင်ထမင်းမစားနိုင်ဘူး ...
အဲလိုအဲလို ဘဝက 😣
လေယာဉ်မှူးသင်တန်းတက်တော့ Aerobatic Phase ပါတယ် .. လေယာဉ်နဲ့ကျွမ်းထိုးရတဲ့သင်ခန်းစာတွေပေါ့ ... မကြိုက်လိုက်တာဗျာ .. ခေါင်းမူးတတ်တာကိုး
ကိုယ်ခေါင်းမူးတတ်တာကိုယ့်ဆရာကသိတယ်လေ .. ငါအရင်တခေါက်ထိုးပြမယ်..သေချာကြည့်.. ပြီးရင်မင်းတခေါက်ထိုး..ကောင်းရင်ငါကြိုက်ရင်ဆက်မထိုးဘူး Enjoy flying ပဲလုပ်ပေးမယ်လို့ Deal လုပ်တယ် .. ဘယ်လောက်သဘောကောင်းတဲ့ဆရာလဲ 😊
သူတခါထိုးပြတာကြည့်ပြီး ကိုယ်ထိုးပြတာသူကြိုက်လို့ကတော့ အဲနေ့အတွက်ဟိုနေရာလေးပျံလိုက်၊ ဒီနေရာလေးပျံလိုက်ဆရာတပည့် ၂ ယောက် Enjoy flying ပဲ 😁
အဲပုဂံမှာလုပ်ခဲ့စဉ်ကတောင်ကိုရီးယား အင်ချွန်းဖလိုက်တွေမောင်းခဲ့သေးတယ် ၂၀၀၇ လောက်တုန်းက.. ဟိုမှာ ၂-၃ ညလောက်အိပ်ရတယ် ...
လေယာဉ်မောင်/မယ်တွေနဲ့ အားရက်ဆို Play ground တွေသွားကြပြီး ဟိုဟာစီးဒါစီးပေါ့ ..
သူတို့ကတော့ ရိုလာကိုစတာတွေ Free fall တွေကြိုက်မှကြိုက်ဗျာ ..
ကိုယ်ကသာလေယာဉ်မောင်းပြီးအဲဒါတွေကိုမကြိုက်တာ ... ကြောက်လဲကြောက်တယ်ဗျ
ဘာကိုကြောက်တာလဲဆိုတော့ မတော်ပြုတ်ပျက်ထွက်မှာရယ်၊ ကိုယ်ကဒါစီးရင်မူးမယ်ဆိုတာသိထားတော့မူးမှာကြောက်တာရယ် ....
အကြောက်တရားအကြောင်းပြောရင်းအတော်ရှည်သွားပြီ ..
လေယာဉ်ခရီးစဉ်တွေမှာမကြုံမဖြစ်တွေ့ရတဲ့ .. လေယာဉ်တွေကိုလှုပ်ခါတတ်စေတဲ့မိုးတိမ်တွေအကြောင်းနဲနဲလေးပြောပြချင်ပါတယ် ...
အပိုင်း(၁) မှာမိတ်ဆွေတယောက်ကွန်းမန့်ပေးထားတယ် ..
ဟဲဟိုးကအတက် ၂၅ မိနစ်ဖလိုက်ကို မိနစ် ၅၀ ကြာသွားတယ်.. လေယာဉ်လဲအရမ်းလှုပ်တယ်လို့ပြောတယ် ...
မှန်ပါတယ် .. ဒါမျိုးတွေလဲရှိပါတယ်.. ကျွန်တော်တို့လဲတခါတခါကြုံရတတ်ပါတယ်
မိုးရွာစေတဲ့မိုးတိမ်တောင်ကြီးတွေ (ကျွန်တော်တို့အခေါ် CB - Cumulonimbus) တွေပတ်ချာလည်ဝိုင်းနေရင်တော့ ရေဒါကနေအထူအပါးကြည့်ပြီးဟိုရှောင်ဒီရှောင်ပါးတဲ့နေရာတွေကနေပတ်ရှောင်ရပါတယ်.. ဒီလိုအချိန်မှာ Strong ဖြစ်တဲ့ CB တွေဆိုရင် ရေဒါမှာပေါ်ပါတယ်., အဖျားအနားတွေကပါးနေတယ်လို့ပြပေမဲ့အဖျားအနားလေးဝင်မိရင်တောင်ဘယ်ညာရမ်းခါ ပေအနဲငယ်ပြုတ်ကျဖြစ်တတ်ပါတယ်။
ခရီးသည်တွေအနေနဲ့ကြောက်မိမှာအသေအချာပါ ... ရိုးရိုးလှုပ်ရုံဟုတ်တော့ဘူး
လေယာဉ်ကိုဆွဲခါရမ်းသလိုဖြစ်တာလေ ..
တိမ်တွေစုဖွဲ့ရင်လဲ ပုံမှန်မိုးအေးအေးရွာနေတတ်တဲ့တိမ်တွေဟာ လုံးဝမလှုပ်တာတွေရှိသလို နဲနဲပဲလှုပ်တတ်ကြတယ် ...
အဲလိုမဟုတ်ပဲ CB ဖြစ်လာဖို့စုဖွဲ့တဲ့တိမ်တွေဟာ မိုးအဖြစ်မရွာခင်အင်အားစုချိန်တွေ Developing stage တိမ်တောင်ကြီးတွေဟာ အထဲမှာလေနွေးတွေနဲ့လည်ပတ်နေတဲ့အတွက် လေယာဉ်တွေကိုခပ်ကြမ်းကြမ်းလှုပ်ခါစေတယ် .. အဲလိုစဖြစ်စတွေဆို ရေဒါမှာလဲ သိပ်မပေါ်တတ်ဘူး .. ပေါ်ရင်လဲတိမ်ပါးပါးလို့ပဲပေါ်တယ်.. အပြင်ကနေတိမ်အလုံးကြီးစုဖွဲ့နေတာတွေ့ရင်ရှောင်ကြတာပေါ့ ..အဲလိုမဟုတ်ပဲအပြင်လဲမမြင်ရဘူး ဆိုရင် ရေဒါထဲမှာထူထူခဲခဲမဟုတ်တာတွေ့လို့ဝင်မိရင် အတော်လေးဆွဲခါခံရတတ်ပါတယ် ....
အပြင်ကနေရာသီဥတုကောင်းလို့အဲဒီတိမ်တောင်ကြီးတွေ့လို့ဘေးကရှောင်မောင်းရင်းကြည့်လိုက်ရင် အဆုပ်လိုက်အဆုပ်လိုက်ကြီးတွေပန်းတွေငုံရာကပွင့်လာသလိုပဲ (ပန်းငုံရာကပွင့်တာကိုဗီဒီယို Fast motion နဲ့ပြတာကြည့်ရသလိုပဲ) .. အဲတော့စဉ်းစားကြည့်လေ..အထဲမှာလေနွေးတွေဘယ်လောက်အပေါ်အောက်လည်ပတ်နေမလဲ ... ဒါကြောင့်လဲအဲလိုတိမ်မျိုးတွေဆိုတတ်နိုင်သလောက်ရှောင်ကြတယ်.
လေယာဉ်တွေလှုပ်ခါခြင်းဟာ မိုးတိမ်တွေကြောင့်၊ တောင်တွေပေါ်ကခပ်နိမ့်နိမ့်ပျံခြင်းကြောင့်၊ လေယာဉ်ကြီးတွေရဲ့နောက်မှာဖြစ်လာတဲ့လေလှိုင်းလေးတွေကြောင့်၊ မငြိမ်သက်တဲ့လေတွေကြောင့်ဖြစ်ပေါ်ရခြင်းဆိုတာအခုအကြမ်းဖျဉ်းသိရပြီ ...
သူတို့တွေကြောင့် လေယာဉ်ဟာဘယ်လိုမှပျက်မကျဘူးဆိုတာသိရပြီဖြစ်တဲ့အတွက် လှုပ်ခါနေရင်မျက်စိလေးမှိတ်ပြီးအိပ်တတ်ရင်အိပ်ပါ.. မအိပ်တတ်လဲတရားလေးမှတ်နေပါ ..
တဖြည်းဖြည်းအရမ်းကြောက်လာခြင်းတော့မဖြစ်လောက်တော့ဘူးထင်ပါတယ် ..
တကယ့်အန္တရာယ်ကဟိုတခါရေးတဲ့ လေယာဉ်ကိုရေခဲကပ်ပြီး လေယာဉ်ရဲ့ Aerodynamic shape ပျက်ပြီး Flight control ကိုပြဿနာပေးရင်၊ (သို့) အဆင်းအတက်မှာ Wind-shear ဆိုတဲ့ဒေါင်လိုက်ဆင်းတက် လေတွေနဲ့တွေ့ရင်တော့ နဲနဲဒုက္ခပေးတတ်ပါတယ် ..
ဒါကလဲရေခဲမကပ်အောင် ဘယ်လိုလုပ်ရမယ်၊ ကပ်ရင်လဲ ဘာလုပ်သင့်တယ်ဆိုတာပိုင်းလော့တွေအားလုံးသင်ယူထားကြပြီးသားပါ... (ရေခဲကပ်ခြင်း icing အကြောင်းကျွန်တော့ရဲ့ မိုးရာသီ@Rainy Season စာစုလေးမှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်)
Wind shear လဲဒီလိုပါပဲ .. ကြိုသိရင်စောင့်မယ် (သို့) ရှောင်မယ်.. ကြိုမသိလို့ ကြုံသွားရင်ဘယ်လိုလုပ်ရမယ်ဆိုတာလဲသင်ယူထားသလို.. အမြဲလို တနှစ်တခေါက် လေယာဉ်တုနဲ့ကျင့်တယ်..စစ်တယ်..
ဒိုးခပဲဗျာ .. လေကြောရှည်သွားတာ
အပိုင်း(၂) နဲ့လဲမပြီးသေးဘူး
သီးခံကြပါနော်
အဆင်ပြေကြပါစေဗျာ
ထွန်းထွန်းဝင်း
၃.၀၇.၂၀၁၇
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment