Wednesday, February 12, 2020

Air Cargo

လေကြောင်းကုန်စည်ပို့ဆောင်ရေး၏ သမိုင်းနှင့် ယနေ့အခြေအနေ
*****************************************************************
by: TCNJ

လေကြောင်းကုန်စည်ပို့ဆောင်ရေးဆိုသည်မှာ ဈေးကွက်ထဲသို့ အမြန်ပို့ဆောင်ရန် လိုအပ်သော ကုန် စည်များ၊ တန်ဖိုးကြီးသောကုန်စည်များကို လေကြောင်း ဖြင့်တင်ဆောင်ခြင်းကိုဆိုလိုပြီး အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဆိုသည်မှာ ကုန်စည်များကို သက် ဆိုင်ရာကုန်လှောင်ရုံအတွင်း စတင်လက်ခံထိန်းသိမ်း ထားရှိခြင်းအပါအဝင် တစ်နိုင်ငံမှ တစ်နိုင်ငံသို့ လေဆိပ် တစ်ခုမှတစ်ခုသို့ပို့ဆောင်ခြင်းကို ခေါ်ဆိုပါသည်။
မြန်မာနိုင်ငံ၏အပြည်ပြည်ဆိုင်ရာ လေကြောင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းသည် ၁၉၅၀ ခုနှစ်ခန့်က ပင် စတင်ခဲ့ပြီး ဆိုရှယ်လစ်ခေတ်မှစ၍ ၁၉၉၃ ခုနှစ်အ ထိ လေကြောင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွင် သွင်းကုန်များပြားခဲ့ပြီး ဈေးကွက်ဝေစုအားလုံးနီးပါးကို Thai Airways မှ စတင်ဆောင်ရွက်ခဲ့သည်။
သို့သော် ၁၉၉၃ ဩဂုတ်လ (၁၅)ရက်တွင် အပြည် ပြည်ဆိုင်ရာ မြန်မာလေကြောင်းကို စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံပို့ကုန်တိုးတက်ရေးအတွက် လေယာဉ်ကုန် တင်ခကို ထိုအချိန်က ပေါက်ဈေး၏ ထက်ဝက်ခန့်ဖြင့် စတင်၍ ရောင်းချပေးခြင်းအားဖြင့် Seafood Market ပွင့်သွားပြီး တစ်လလျှင် တန်ချိန် (၂၀၀)မှ (၃၀၀)ခန့် အထိ နိုင်ငံတကာသို့ တင်ပို့ရောင်းချနိုင်ခဲ့သည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း သည် ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးနှင့် ဈေးကွက်ပိုမို ရရှိရေးကို ရည်ရွယ်၍ လေကြောင်းကုန်စည်လက်လီအ ရောင်းကိုယ်စားလှယ်များ (CSA) များ စတင်ခန့်အပ် ဆောင်ရွက်ခဲ့သည်။
လေကြောင်းကုန်စည်ပို့ဆောင်ရေးသည် လေ ကြောင်းခရီးသည်ပို့ဆောင်ရေးနှင့် သဘောသဘာဝခြင်း မတူဘဲ နိုင်ငံတကာကုန်သွယ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုကို များစွာအထောက်အကူပြုသည့် အဓိကအ ခန်းကဏ္ဍက ပါဝင်သည်။ လေကြောင်းကုန်စည်ပို့ဆောင် ရေးသည် ကမ္ဘာအဝှမ်းရှိ ကုန်သွယ်ရေးနှင့် စီးပွားရေး လုပ်ငန်းများ၏ အောင်မြင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းကိုအ ရေးပါသည့်ကဏ္ဍမှ အထောက်အကူပြုလာသည့်အ တွက် နိုင်ငံအစုလိုက်ဖြစ်စေ နှစ်နိုင်ငံကြားဖြစ်စေဖြေ လျော့မှုများ ဆောင်ရွက်လာကြပါသည်။
လေကြောင်းဖြင့်ကုန်စည်များပို့ဆောင်ရာတွင် International Convention များဖြစ်သော Warsaw Convention (1929), Warsaw Convention as amended by Hague Protocol 1955, Montreal Protocol 1975 (MR 4), Montreal Convention 1999 (MC99) နှင့် သက်ဆိုင်ရာနိုင်ငံက ချမှတ်ထားသောစည်းမျဉ်းစည်း ကမ်းများ၊ သက်ဆိုင်ရာလေကြောင်းလိုင်းများမှ ချမှတ် ထားသော စည်းမျဉ်းစည်းကမ်းများကိုလိုက်နာ၍ ကုန်ပို့သူရှိရာလေဆိပ်မှ ကုန်လက်ခံသူရှိရာ လေဆိပ်သို့ ပို့ဆောင်ခြင်းကို ခေါ်ဆိုသည်။ မြန်မာနိုင်ငံအနေဖြင့် Warsaw Convention (1929) ပါ သတ်မှတ်ချက်များ နှင့်အညီ ဆောင်ရွက်လျက်ရှိပြီး အာဆီယံနိုင်ငံတွင်း
လေကြောင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများအတွက် သီးခြားချုပ်ဆိုထားသည့် Multilateral Agreement on the Full Liberalization to All Cargo Services တွင်လည်း မြန်မာနိုင်ငံအနေဖြင့် ပါဝင်လက်မှတ်ရေး ထိုးထားပြီးဖြစ်သည်။
မိမိနိုင်ငံသို့ နိုင်ငံတကာမှပုံမှန်ခရီးသည်ပို့ဆောင် ရေး လေကြောင်းလိုင်းများအပြင် ကုန်စည်ပို့ဆောင် ရေးလေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းလာမည်ဆို ပါက လေကြောင်းဆိုင်ရာအခွန်အခများ တိုးတက်ရ ရှိလာနိုင်ခြင်း၊ စိုက်ပျိုးရေး၊ ရေထွက်ပစ္စည်းများ၊ တန် ဖိုးကြီးအချောထည်ပစ္စည်းများကို အချိန်မီတင်ပို့နိုင်မည် ဆိုပါက ယင်းကုန်ပစ္စည်းများ၏ ပို့ကုန်ပမာဏတိုး မြှင့်လာနိုင်ခြင်း၊ ဈေးကွက်ရှိရာဒေသသို့ အချိန်မီတင် ပို့နိုင်ခြင်းကြောင့် အကျိုးအမြတ်များစွာ ရရှိလာနိုင် သည်။ မိမိတို့နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းအတွက် လို အပ်သော စက်မှုကုန်ကြမ်းပစ္စည်းများ အချိန်မီတင် သွင်းနိုင်ခြင်း၊ လေကြောင်းကုန်စည်ပို့ဆောင်ရေး၏ သဘောသဘာဝအရ ကုန်းလမ်း၊ ပြည်တွင်းရေကြောင်း၊ ရထားစသည့် အခြားပို့ဆောင်ရေးကဏ္ဍများဖြင့် ဆက် စပ်ဆောင်ရွက်ရသဖြင့် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ပို့ဆောင် ရေးလုပ်ငန်းများအနေဖြင့်လည်း လုပ်ငန်းအခွင့်အလမ်း များ ပိုမိုရရှိလာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရ ရှိလာနိုင်မည်ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ လေကြောင်းကုန်စည်ပို့ ဆောင် ရေးတွင် ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းများမှာ အကောက်ခွန်ဦးစီးဌာန၊ လေကြောင်းလိုင်းများ၊ မူးယစ်၊ လေကြောင်းရဲဝန်ထမ်းများ၊ ရှေးဟောင်းပစ္စည်း စစ်ဆေး ရေးအဖွဲ့များ၊ တိရိစ္ဆာန်နှင့် အပင်များပိုးမွှားကင်းရှင်း ကြောင်း စစ်ဆေးရေးအဖွဲ့များ၊ အစားအသောက်အန္တ ရာယ်ကင်းရှင်းကြောင်း စစ်ဆေးရေးအဖွဲ့များ၊ ဘဏ် များ၊ စာတိုက်များ၊ အမြန်ချောပို့လုပ်ငန်းများ၊ ကုန်လှောင် ရုံများ၊ လော်ရီကားလုပ်ငန်းရှင်များ၊ ကုန်ပို့သူ (ကုန် ရောင်းသူ)များ၊ ကုန်လက်ခံသူ (ကုန်ဝယ်ယူသူများ)၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များ (Freight Forwarders) ၊ လေကြောင်းကုန်စည် လက်လီအရောင်း ကိုယ်စားလှယ်များ (CSA)၊ လေကြောင်းကုန်စည်လက် ကားအရောင်းကိုယ်စားလှယ်များ (GSA)၊ မြေပြင်ဝန် ဆောင်မှုလုပ်ငန်း (ကုန်စည်ဌာန)ကိုယ်စားလှယ်များဖြစ် သည်။
လေကြောင်းကုန်စည်ပို့ဆောင်ရေး၏ အဓိကလုပ် ငန်းမှာ Export, Import and Transshipment သာဖြစ် ပြီး ကုန်စည်များကြောင့်ဖြစ်ပေါ်လာမည့် အန္တရာယ်များ ကြောင့် ခရီးသည်၊ လေယာဉ်အမှုထမ်းများနှင့် အခြား ကုန်စည်များ မထိခိုက်စေရန်အတွက် အပြည်ပြည်ဆိုင် ရာလေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း (IATA) နှင့် သက်ဆိုင်ရာနိုင်ငံ၊ လေကြောင်းလိုင်းတို့၏ Safety Pro-cedures များကို လိုက်နာပို့ဆောင်ကြရသည်။
မြန်မာနိုင်ငံ၏အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ ဆောင်ရေးလုပ်ငန်းသည် ၁၉၉၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ကုန်စည်တန်ချိန်အဆပေါင်းများစွာ တိုးတက်လာသကဲ့ သို့ Infrastructure ပိုင်းတွင်လည်း များစွာတိုးတက်လာ သည်ကို တွေ့ရှိရသည်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စသော လေဆိပ် ကြီးများကို အပြည်ပြည်ဆိုင်ရာ (HUB) လေဆိပ်ကြီး များဖြစ်လာစေရန်အတွက် မြန်မာနိုင်ငံ၏ International Cargo Market Growth and Air Cargo Technicians များ၏ စွမ်းဆောင်ရည်မြင့်တက်လာမှုသည် လည်း အလွန်အရေးပါသည့်ကဏ္ဍဖြစ်သည်။ ထို့ပြင် Transshipment (Air to Air/ Air to Sea/ Air to Land) လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် National Carrier/ Local Carrier/ Ground Handler များတွင် ကိုယ် ပိုင်ကုန်လှောင်ရုံများရှိနေရန် အရေးတကြီးလိုအပ်လျက် ရှိနေသည်။ လေကြောင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်းသည် အခြားသောကုန်စည်ပို့ဆောင်ရေးလုပ်ငန်း များဖြစ်သော Land Transport/ Sea Transport/ Logistics အစရှိသောလုပ်ငန်းများနှင့်ချိတ်ဆက်၍ ယနေ့ ခေတ်အခါတွင် Multimodal Transport ဟု International Logistics လောကတွင် ဆောင်ရွက်နေကြသည် ဖြစ်ရာ လေကြောင်းကုန်စည်ပို့ဆောင်ရေး အတတ်ပ ညာရှင်များ၊ အာဏာပိုင်များအနေဖြင့် နိုင်ငံတကာစံနှုန်း နှင့်အညီ လုပ်ငန်းဆောင်ရွက်မှုအစီအစဉ်အခြေခံအ ဆောက်အဦ၊ ဈေးကွက်ဖော်ဆောင်မြှင့်တင်ရေးအ တွက် Building Institutions for market development ကို အလျင်အမြန်ဆောင်ရွက်နိုင်ရန် လိုအပ်လျက် ရှိသည်။
မြန်မာနိုင်ငံ၏ တည်နေရာ၊ အကျယ်အဝန်းနှင့် လုပ်သားအင်အားများအရ Transshipment ကို စနစ် တကျလုပ်ကိုင်နိုင်ပါက နိုင်ငံတော်အတွက် ဝင်ငွေများ စွာရရှိနိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုတိုးတက်လာမည်ဖြစ်သည်။ ယခုအခါ အကောက်ခွန် ဦးစီးဌာန၏ Myanmar Automated Cargo Clearance System (MACCS) သည် ကောင်းစွာလည်ပတ် လျက်ရှိပြီး ကုန်စည်စီးဆင်းမှုသည်လည်း မြန်ဆန်လာ ပြီဖြစ်သည်။
ထို့အပြင် Myanmar Airlines များအနေဖြင့် Market Share ပိုမိုရရှိရေးအတွက် နည်းလမ်းရှာဖွေ ဆောင်ရွက်ရန်လည်း လိုအပ်လှသည်။ သို့မှသာ နိုင်ငံ တကာနှင့် ယှဉ်ပြိုင်နိုင်သော Air Cargo Industry တစ်ရပ် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာမည်ဖြစ်သည်။ ။
https://m.facebook.com/story.php?story_fbid=2597506683632093&id=1716079018441535

Tuesday, February 11, 2020

Airbus A380

Airbus A380
ဘာသာပြန်   ဦးကာတွန်း _________

     EU ၏ အဓိကလေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် Airbus ကုမ္ပဏီသည် အထပ်၂ထပ်ပါဝင်ပြီး အတွင်းခန်းကျယ်သည့် အင်ဂျင် ၄လုံးတပ် ဂျက်လေယာဉ်တစ်စီး ဖြစ်သည့် Airbus A380 အားထုတ်လုပ်ခဲ့သည်။

       အဆိုပါလေယာဉ်သည် ကမ္ဘာ့အကြီးဆုံး ခရီးသည်တင်လေယာဉ် တစ်စင်းဖြစ်ပြီး ဆင်းမည့်/တက်မည့် လေယာဉ်ကွင်းများသည်လည်း လက်ခံဆောင်ရွက်နိုင်လောက်သော ဝန်ဆောင်မှုများရှိရမည်ဖြစ်သည်။

     မူလတွင် Airbus A3XX ဟု အမည်သတ်မှတ်ခဲ့ပြီး လေယာဉ်ကြီးများထုတ်လုပ်သည့် ဈေးကွက်တွင် နေရာကြီးစိုးထားသော Boeing ကုမ္ပဏီအား ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

     ၂၀၀၅ခုနှစ် ဧပြီလ ၂၇ ရက်တွင် A380 ၏ ပထမဆုံး ပျံသန်းခြင်းအား လုပ်ဆောင်ခဲ့ပြီး ပထမဆုံးစီးပွားဖြစ်ခရီးသည်တင်လေယာဉ်အဖြစ်၂၀၀၇ခုနှစ် အောက်တိုဘာလ ၂၅ ရက်တွင် Singapore Airlines နှင့်စတင် ဝင်ရောက်ခဲ့သည်။

      A380သည် အတွင်းခန်းကျယ်သည့် လေယာဉ်များကဲ့သို့ကိုယ်ထည်ရှိပြီး အပေါ်ထပ်သည် ကိုယ်ထည်တစ်ခုလုံး၏ ရှေ့မှနောက်သို့ အလျားရှိသမျှအား အသုံးပြုနိုင်သည်။

       A380-800 ၏ အသုံးပြုနိုင်သော အတွင်းခန်း ဧရိယာသည် ၅၅၀ စတုရန်းမီတာ ရှိပြီး အခြားသော လေယာဉ်ကြီးဖြစ်သည့် Boeing 747-8 ထက်ပင် ၄၀ရာခိုင်နှုန်း ပိုမိုကျယ်ဝန်းသည်။ class ၃ခု ခွဲခြားနေရာချထားပါက ထိုင်ခုံ ၅၂၅ခုံ တင်ဆောင်နိုင်ပြီး Economy Class တစ်ခုတည်းသာ နေရာချပါက ၈၅၃ခုံ တပ်ဆင်နိုင်မည်ဖြစ်သည်။

      A380-800 သည် ၈၅၀၀နော်တီကယ်မိုင် (၁၅၇၀၀ ကီလိုမီတာ) ပျံသန်းနိုင်ရန် ဒီဇိုင်းထုတ်ထားပြီး ကမ္ဘာပေါ်တွင် ဒုတိယမြောက် ခရီူအရှည်ဆုံး မရပ်မနားပျံသန်းနိုင်သည့် လေယာဉ်ဖြစ်သည်။

      ခရီးသွားအမြန်နှုန်းအနေဖြင့် ၀.၈၅ အသံနှုန်း (တစ်နာရီ ၉၀၀ကီလိုမီတာနှုန်း) ပျံသန်းနိုင်မည်ဖြစ်သည်။

     ၂၀၁၆အောက်တိုဘာလ တွင် Airbus သည် လေယာဉ် ၃၁၉ စင်း အမှာစာရရှိခဲ့ပြီး ၁၉၈စင်းလွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ ထိုအထဲတွင် Emiratesသည် A380၏ အဓိက ဝယ်ယူသုံးစွဲသူဖြစ်ခဲ့ပြီး ၁၄၂စင်းမှာယူခဲ့ကာ ၈၅စင်းအား ရောက်ရှိအသုံးပြု ပျံသန်းပြေးဆွဲလျက်ရှိသည်။


Monday, February 10, 2020

FIR and ADIZ
**************

By : ဦးကာတွန်း

ICAO
အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းဖွံ့ဖြိုးရေး (International Civil Aviation) မှ ဦးစီးကာ ၁၉၄၄ ခုနှစ်တွင် Chicago Convention အစည်းအဝေးကြီးကျင်းပပြုလုပ်ပြီး အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်း အဖွဲ့အစည်း (ICAO-International Civil Aviation Organization) အား စတင်တည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ တရားဝင်ဖွဲ့စည်းခြင်းအား ၁၉၄၇ ခုနှစ်တွင် ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့တွင် အခြေစိုက်၍ လုပ်ငန်းစဉ်များအား စတင်လုပ်ဆောင်ခဲ့ကြသည်။ ICAO သည် ကုလသမဂ္ဂ၏ အထူးအေဂျင်စီအဖွဲ့ဖြစ်ပြီး လေကြောင်းလောက လုံခြုံစိတ်ချစွာ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ဆောင်လာခဲ့ကြသည်။ လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်နိုင်ငံပေါင်း (၁၉၀)ကျော်ရှိပါသည်။
https://www.icao.int/about-icao/Pages/default.aspx

လေကြောင်းဆိုင်ရာ သတင်းအချက်အလက် (ကွပ်ကဲထိန်းချုပ်ရေး)နယ်မြေ (FIR-Flight Information Region)
ICAO ၏ စံချိန်စံညွှန်းသတ်မှတ်ချက်များအတိုင်း သက်ဆိုင်ရာနိုင်ငံအတွင်း လေကြောင်းဆိုင်ရာ သတင်းအချက် အလက်များ ဝန်ဆောင်မှုပေးခြင်း (Flight Informational Service) ၊ လေကြောင်းထိန်းသိမ်းရေးလုပ်ငန်းများ ဝန်ဆောင်မှုပေးခြင်း (Air Traffic Service) နှင့် သတိပေးချက်များထုတ်ပြန်သည့် ဝန်ဆောင်မှုပေးခြင်း (Alerting Service) ဆိုင်ရာ လုပ်ဆောင်ချက်များအား သက်ဆိုင်ရာလေကြောင်းပျံသန်းမှုဆိုင်ရာ ထိန်းသိမ်းရေးဗဟိုဌာန (ACC-Area Control Center)မှ လုပ်ဆောင်ပေးပြီး ACC ရှိသည့် မြို့ကိုအစွဲပြုကာ ၄င်း ACC ထိန်းချုပ် ဆောင်ရွက်ပေးနိုင်သည့် ဧရိယာတွင် FIR နာမည်အား သတ်မှတ်ကြပါသည်။ (ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် ACC ရှိသည့်မြို့ကိုအစွဲပြု၍ Yangon FIR ဟုသတ်မှတ်ပြီး Myanmar FIR ဟု သုံးနှုန်းခြင်းမပြုလုပ်ကြပါ)။ အချို့သောနိုင်ငံများသည် နိုင်ငံနယ်နိမိတ်ဧရိယာ ကျယ်ဝန်းသည့်အတွက် ACC ၂ ခု၊ ၃ ခုစသည်ဖြင့် ဖွဲ့စည်း ထားရှိပြီး နိုင်ငံတစ်နိုင်ငံအတွင်းမှာပင် FIR များစွာ ရှိနိုင်ပါသည်။ (ဥပမာ အိန္ဒိယနိုင်ငံတွင် FIR ၄ ခုနှင့်  တရုတ်နိုင်ငံတွင် FIR ၁၁ ခု ခွဲခြားသတ်မှတ်ထားပါသည်)။ https:www.wikipedia.org/wiki/Flight-information-Region
နိုင်ငံအလိုက် FIR များ သတ်မှတ်ထားရှိကြသော်လည်း အဆိုပါ FIR များသည် သက်ဆိုင်ရာနိုင်ငံပိုင်ဆိုင်သည့် ဝေဟင်ပိုင်နက် အချုပ်အခြာပိုင်နယ်မြေဟု သတ်မှတ်ခြင်းမဟုတ်ဘဲ အထက်တွင်ဖော်ပြထားသည့် Service ၃ မျိုး လုပ်ဆောင်ပေးနိုင်ရန်အတွက် တာဝန်ယူဆောင်ရွက်နိုင်စေရန်သာ သတ်မှတ်ထားခြင်းဖြစ်ပါသည်။ ICAO အဖွဲ့ဝင် နိုင်ငံအဖြစ် လက်မှတ်ရေးထိုးထားသော နိုင်ငံများသည် အဖွဲ့ချုပ်၏လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာနိုင်ငံ၏ Service ပေးနိုင်သည့် Facilities များအပေါ်တွင် မူတည်၍ တာဝန်ယူဆောင်ရွက်နိုင်သည့်နယ်မြေများအား FIR အဖြစ် ခွဲဝေသတ်မှတ်ကြခြင်းဖြစ်သည်။ နိုင်ငံ၏ တည်နေရာအကျယ်အဝန်းများပေါ်တွင် မူတည်၍ သတ်မှတ်ကြခြင်း မျိုးမဟုတ်ဘဲ သက်ဆိုင်ရာနိုင်ငံ၏ စွမ်းဆောင်နိုင်မှု၊ တာဝန်ယူနိုင်မှုများပေါ်တွင်မူတည်၍ ဧရိယာ သတ်မှတ်ကြခြင်း ဖြစ်ပါသည်။ စင်ကာပူနိုင်ငံသည် နိုင်ငံနယ်နိမိတ်အလွန်သေးငယ်သော်လည်း Service ပေးနိုင်သည့် Facilities များအရ တာဝန်ယူဆောင်ရွက်ပေးနိုင်သည့် FIR သည် အလွန်ပင်ကျယ်ဝန်းလှပါသည်။ ၄င်းနိုင်ငံအတွင်းသို့ ဆင်းသက်ရပ်နားမည့် လေယာဉ်များအတွက်သာ Charge များကောက်ခံပြီး FIR အတွင်း ဖြတ်ကျော်ပျံသန်း (Over Fly) လေယာဉ်များအား Service ၃ မျိုး ကောင်းမွန်စွာထောက်ပံ့ပေးပြီး Charge များကောက်ခံခြင်းလုံးဝမရှိချေ။
လေကြောင်းရန်ကာကွယ်ရေး ခွဲခြားစိစစ်ရေးဇုံ ADIA-Air Defense Identification Zone)
ADIZ အား သက်ဆိုင်ရာနိုင်ငံ၏ နိုင်ငံတော်လုံခြုံရေးကိစ္စရပ်များပေါ်မူတည်၍ သတ်မှတ်ထားရှိကြပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံ သတ်မှတ်သည့်ပုံစံ၊ နည်းစနစ်၊ နည်းလမ်းများ တူညီနိုင်မည်မဟုတ်ပေ။ မြန်မာနိုင်ငံတွင် ဤဇုံအတွင်း ဝင်ရောက်လာသည့် လေကြောင်းပျံသန်းမှုများအား တတ်နိုင်သမျှစောလျှင်စွာ လေကြောင်းရန်ကာကွယ်ရေး ခွဲခြား စိစစ်မှု ပြုလုပ်နိုင်ရန်ရည်မှန်း၍ သတ်မှတ်ရေးဆွဲထားပါသည်။ မြန်မာနိုင်ငံ၏ လေကြောင်းနယ်မြေ (Air speace) ဖြစ်သည့် YGN FIR အတွင်းတွင် ဖွဲ့စည်းတည်ဆောက် ရေးဆွဲထားပါသည်။ တည်နေရာသတ်မှတ်ချက် အသေးစိတ် အချက်အလက်များအား မြန်မာနိုင်ငံလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနလက်အောက်ရှိ လေကြောင်းဆိုင် ရာ သတင်းအချက်အလက်ထုတ်ပြန်သည့်ဌာန (AIS-Aeronautical Information Service)မှ ထုတ်ပြန်ထားသော လေကြောင်းဆိုင်ရာ သတင်းအချက်အလက်ထုတ်ပြန်ချက်စာအုပ် (AIP-Aeronautical Information Publicatio) တွင် ထည့်သွင်းကြေညာထားပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ကုန်းတွင်းပိုင်းတွင် နယ်စပ်မျဉ်းတစ်လျှောက် သတ်မှတ် ထားပြီး ပင်လယ်ပြင်ထဲတွင် သက်ဆိုင်ရာတည်နေရာ (Lat, Long) များအရ ရေးဆွဲသတ်မှတ်ထားပါသည်။ မြန်မာနိုင်ငံတောင်ဘက်တွင် 1000N 09830E (မြောက်လတ္တီကျုဒ် ၁၀ ဒီဂရီ ဝဝ မိနစ်၊ အရှေ့လောင်ဂျီကျုဒ် ၉၈ ဒီဂရီ ၃၀ မိနစ်) မှ စတင်၍ မျဉ်းဖြောင့်အတိုင်း 1000N 09600E အထိ၊ ထို့နောက် 1400N မျဉ်းဖြောင့်အတိုင်း 1400N 09222E အထိ၊ ထို့နောက် 09222E မျဉ်းဖြောင့်အတိုင်း 2041N 09222E အထိ၊ ထို့နောက်မြန်မာနိုင်ငံကုန်းတွင်းပိုင်း ပိုင်နက်နယ်မြေအတိုင်းဆက်လက်ရေးဆွဲပြီး စမှတ်ဖြစ်သော မြန်မာနိုင်ငံတောင်ဘက် 1000N 09830E တွင် အဆုံးသတ်၍ ရေးဆွဲထားပါသည်။
https://www.ais.gov.mm/eAIP/2018-08-30/html/index-en-GB.html
မည်သည့်လေယာဉ်မဆို ADIZ အတွင်းသို့ ဝင်ရောက်ခြင်းနှင့် ထွက်ခွာခြင်းများအတွက် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ စစ်ဆေးအတည်ပြုချက် လိုအပ်ပါသည်။ ထိုကဲ့သို့ စစ်ဆေးအတည်ပြုချက်ရရှိစေရန် အတွက် လေယာဉ်တစ်စီးပျံသန်းမည့်အစီအစဉ် (Flight Plan) ကို လေယာဉ်မပျံသန်းမီ မိနစ် ၃၀ ကြိုတင်၍ ဖြတ်ကျော် ပျံသန်းမည့်နိုင်ငံ၏ လေကြောင်းထိန်းဌာန (ATCC-Air Traffic Control Center) အားတင်ပြရမည်ဖြစ်ပြီး FIR အတွင်းဝင်ရောက်သည်နှင့် အရေးပေါ်အခြေအနေမှတစ်ပါး ပြောင်းလဲပျံသန်းခြင်းအားခွင့်မပြုပေ။ ပြည်တွင်း ပျံသန်းသော လေယာဉ်များအပါအဝင် ပြည်ပဆိုက်ရောက်/ထွက်ခွာ လေယာဉ်များနှင့် ပြည်ပ ဖြတ်ကျော်ပျံသန်း သည့် လေယာဉ်များအားလုံးသည် ACC မှတစ်ဆင့်လေကြောင်းရန်ကာကွယ်ရေး သတင်းပေးဌာန (ADNC-Air Defense Notification Center) ၏ လေကြောင်းရန်ကာကွယ်ရေးခွင့်ပြုနံပါတ် (ADC-Air Defense Clearance) ရယူရမည်ဖြစ်ပါသည်။

လေကြောင်းပျံသန်းမှုအစီအစဉ် (Flight Plan)
ပုံမှန်ပျံသန်းနေသော လေကြောင်းခရီးစဉ် (Schedule Flight) များအတွက် Flight Plan အား မပျံသန်းမီ ကြိုတင်၍ DCA သို့ပေးပို့တင်ပြတောင်းခံနိုင်သည်။ အချို့ သောလေကြောင်းလိုင်းများသည် Summer Shcedule ၊ Winter Schedule စသည်ဖြင့် လပေါင်းများစွာအတွက် နေ့စဉ်ပျံသန်းမည့်ခရီးစဉ်အား Flight Plan တင်ထားကြပြီး အချို့လေကြောင်းလိုင်းများသည် တစ်လစာကြိုတင် ထားကြပါသည်။ ပုံမှန်ပျံသန်းနေကျမဟုတ်သော လေကြောင်း ခရီးစဉ် (Non Schedule Flight) များနှင့် အရေးကြီးခရီးစဉ်များအတွက်ပျံသန်းမည့် အသေးစိတ်အချက်အလက် များနှင့်တကွ စတင်မပျံသန်းမီ မိနစ် ၃၀ နောက်ဆုံးထား၍ DCA သို့ပေးပို့တင်ပြတောင်းခံနိုင်သည်။ အကယ်၍ ပျံသန်းနေစဉ်အတွင်း Flight Plan တင်ပြပါက သက်ဆိုင်ရာလေကြောင်းထိန်းဌာန (သို့မဟုတ်) လေကြောင်းရန် ကာကွယ်ရေးမှ လက်ခံနိုင်ပါက သတ်မှတ်နေရာသို့မရောက်မီ ၁၀ မိနစ်ကြိုတင်၍ ပေးပို့တင်ပြတောင်းခံနိုင်သည်။ (ENR 1.10 Flight Planning)

လေယာဉ်ပျံသန်းမှုခွင့်ပြုလက်ခံခြင်း
မြန်မာနိုင်ငံ၏ YGN FIR နှင့် ကပ်လျက်ရှိသော အိမ်နီးချင်း FIR များအချင်းချင်း အပြန်အလှန်လေကြောင်း ခရီးစဉ်များ လွှဲပြောင်းလက်ခံရယူထိန်းကြောင်းပေးရသည်။ FIR တစ်ခုမှ တစ်ခုသို့ လေကြောင်းခရီးစဉ်များ လွှဲပြောင်းပေးရာတွင် FIR အား Control လုပ်သည့် ACC များမှ Radio Frequency တွင် အလုပ်လုပ်ဆောင်၍ လေကြောင်းခရီးစဉ်အချက်အလက်များ ပေးပို့လွှဲပြောင်း ပေးပါသည်။ လေယာဉ်အား သတ်မှတ်ထားသည့် အခေါ် အဝေါ် (Call Sign)၊ လက်ရှိပျံသန်းနေသောအမြင့် (Flight Level)၊ လက်ရှိပျံသန်းနေသော အလျင်နှုန်း (Speed)၊ ဦးတည်ရာအရပ် (Heading)၊ SSR Transponder ကုဒ်နံပါတ် (Squwak)၊ ပျံသန်းသည့်လမ်းကြောင်း (Route)၊ သတင်းပို့ရမည့် သတင်းပို့အမှတ် (Reporting Point) စသည့်အချက်အလက်များအား အသေးစိတ်ဖော်ပြ လွှဲပြောင်း ပေးရသည်။

အနိမ့်ဆုံးပျံသန်းနိုင်သည့်အမြင့်နှင့် လမ်းကြောင်းမှ သွေဖယ်နိုင်သောအကွာအဝေး
AIP ၏ ENR အခန်း 3.1 တွင် ပျံသန်းရမည့်သတ်မှတ်လမ်းကြောင်း (ATS route) များအလိုက် အနိမ့်ဆုံးပျံသန်း နိုင်သည့်အမြင့်ကို ဖော်ပြထားပါသည်။ အဆိုပါ အမြင့်ဖော်ပြချက်များအရ သတ်မှတ်လမ်းကြောင်း၏ ဘယ်/ညာ တစ်ဘက်တစ်ချက် 10 NM (Ten Nautical Mile) အတွင်းတွင် မြေပြင်ရှိ အမြင့်ဆုံးအတားအဆီးရှိ နေသည့်နေရာမှ (၃၀ဝ) မီတာ (၁၀ဝဝပေ)ထိ ပျံသန်းနိုင်ပါသည်။ Area Navigation (RNAV) နှင့် Requierd Navigation Performance (RNP) အညွှန်းကိန်းများအရ နိုင်ငံများ၏လေကြောင်းနယ်မြေ (Air Space) နှင့် ပျံသန်းရန် သတ်မှတ် ထားသောလမ်းကြောင်းများ (ATS routes and RNAV routes) များသည် လုပ်ဆောင်နိုင်မှု ကွဲပြားခြားနား ကြပါသည်။ (ဥပမာ RNAV1, RNAV2 နှင့် RNP10 စသဖြင့့် တိကျနိုင်မှုနှင့် လွဲမှားနိုင်မှုများပေါ်တွင်မူတည်၍ ပျံသန်းရမည့်လမ်းကြောင်း၏ ဘယ်/ညာ ၁ မိုင် (သို့မဟုတ်) ၂ မိုင် (သို့မဟုတ်) ၁၀ မိုင် စသဖြင့် သွေဖည်ပျံသန်း နိုင်ခွင့်ရှိသည်)။ အကြမ်းဖျဉ်း နှိုင်းယှဉ်ဖော်ပြချက်များအရ ဥရေပတိုက်ဒေသအတွင်းတွင် B-RNAV (Basic Area Navigation) ဖြစ်သည့် +/- 5NM သတ်မှတ်ထားပြီး အဆိုပါဒေသ၏ သက်ဆိုင်ရာလေယာဉ်ကွင်း ဆင်း/တက်/ ချဉ်းကပ်မည့်နေရာများတွင် P-RNAV (Precision Area Navigation) ဖြစ်သည့် +/- 1NM သတ်မှတ်ထားသည်။ U.S. တွင် RNAV1 သတ်မှတ်ပြီး +/- 1NM ပျံသန်းနိုင်သည်။ အာရှ၊ ပစိဖိတ်ဒေသတွင် ကုန်းတွင်းဧရိယာဖြစ်သည့် နိုင်ငံများပေါ်တွင်ပျံသန်းပါက RNP4 ဖြစ်သည့် +/- 4NM ပျံသန်းနိုင်ပြီး ပင်လယ်သမုဒ္ဒရာများအတွင်းတွင် RNP10 ဖြစ်သည့် +/- 10NM သွေဖည်ပျံသန်းနိုင်ပါ သည်။
(www.code7700.com/airspace-rnav-vs-rnp.htm#comparisons)

တားမြစ်နယ်မြေများ
မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်နက်နယ်မြေအတွင်း လေကြောင်းပျံသန်းမှုများကို တားမြစ်ထားသည့် တားမြစ်နယ်မြေ (Prohibited Area) ၊ ကန့်သတ်နယ်မြေ (Restricted Area) ၊ အန္တရာယ်ရှိသောနယ်မြေ (Danger Area) များအား သတ်မှတ်ချက်များနှင့်အညီ ဖွဲ့စည်းသတ် မှတ်ထားပါသည်။ တားမြစ်နယ်မြေမှလွဲ၍ ကျန်နယ်မြေ များအားသတ်မှတ်အတည်ပြုရာတွင် NOTAM (Notice To Air Men) ထုတ်ပြန်ပြီး ကြေညာလေ့ရှိသော်လည်း တားမြစ်နယ်မြေ၏ သတ်မှတ်ချက်အတွင်း နိုင်ငံတော်သမ္မတ၏ အထူးအခွင့်အာဏာမှလွဲ၍ မည်သည့်အချိန်၊ မည်သည့်အခြေအနေတွင်မဆို ဝင်ရောက်ခြင်းကိုတားမြစ်ထားပါသည်။ Myanmar Air Craft Rule တွင်ပါဝင်သည့် စည်းမျဉ်းစည်းကမ်းဥပဒေများအရ အဆိုပါတားမြစ်နယ်မြေအတွင်း ဝင်ရောက်ပျံသန်းသူအား ၃ လထက်မကျော် သော ထောင်ဒဏ်ကိုဖြစ်စေ၊ ၅၀ဝဝဝ ကျပ်ထက်မပိုသော ငွေဒဏ်ကိုဖြစ်စေ၊ ပြစ်ဒဏ် နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ် နိုင်ပါသည်။ (ENR 2.3.8.1)

Permissionမရှိသော လေကြောင်းခရီးစဉ်
အကယ်၍ လေကြောင်းခရီးစဉ်သည် Flight Plan တင်ထားခြင်းမရှိဘဲ မိမိ FIR အတွင်း ခွင့်ပြုချက်မရရှိဘဲ ဝင်ရောက်လာပါက Area Control Center (ACC) မှ ပြန်လည်ထွက်ခွာစေရန် အမိန့်ပေးညွှန်ကြားရမည်။ ထိုသို့ညွှန်ကြားထားသော်လည်း ဆက်လက်ဝင်ရောက်လာပါက လေတပ်သို့သတင်းပို့၍ လေတပ်၏စီမံချက်များဖြင့် အဆိုပါ လေကြောင်းခရီးစဉ်ပျံသန်းနေသော လေယာဉ်အား ပြန်လည်ထွက်ခွာစေရမည်။ အလားတူတရားဝင် ADC (Air Defense Clearance) မပါရှိဘဲ ပျံသန်းလာ သောလေယာဉ် (သို့မဟုတ်) ညွှန်ကြားချက်များ လိုက်နာရန် ပျက်ကွက်သည့်လေယာဉ် (သို့မဟုတ်)ခွင့်ပြုထားသည့် လမ်းကြောင်းမှ သွေဖည်ပျံသန်းလာသည့်လေယာဉ်များ သည် ကြားဖြတ်တိုက်ခိုက်နည်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ ကြားဖြတ်လုပ်ဆောင်ခြင်းခံရမည်ဖြစ်ပါသည်။ ဥပဒေမဲ့ ဝင်ရောက်ကျူးကျော်လာသည့် လေယာဉ်များအတွက် လေကြောင်းထိန်းဌာနနှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမည့် နည်းလမ်းများကို ICAO ၏ Annex 11 Air Traffic Service ၏ အခန်း ၂.၁၇ တွင် အသေးစိတ်ရှင်းလင်းဖော်ပြထားပါသည်။

အထွေထွေအချက်အလက်များ
နိုင်ငံများတွင် FIR များ၊ ADIZ များ သတ်မှတ်ထားကြသော်လည်း အဆိုပါဧရိယာများသည် နိုင်ငံဝေဟင်ပိုင်နက်ဟု သတ်မှတ်ခြင်းမပြုပေ။ FIR သည် လေကြောင်းသတင်းအချက်အလက်ပေးရန်၊ လေကြောင်းပျံသန်းမှု ထိန်းသိမ်း ပေးရန်နှင့် သတိပေးချက်များထုတ်ပြန်ပေးရန်အတွက်သာ သတ်မှတ်တာဝန်ယူထားသောဧရိယာဖြစ်ပါသည်။ ထို့အပြင် ICAO အဖွဲ့ဝင်နိုင်ငံများသည် မိမိနိုင်ငံ FIR အတွင်း အရေးပေါ်အခြေအနေများအတွက် ကူညီ ဆောင်ရွက်ရန်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် SAR (Search and Rescue) အဖွဲ့များ ဖွဲ့စည်း ထားရှိရမည်ဟု သဘောတူညီလက်မှတ်ရေးထိုးထားကြ ပါသည်။
ADIZ သည် နိုင်ငံတော်၏ လုံခြုံရေးကိစ္စရပ်များကို မျှော်တွေးပြီး ခွဲခြားစိစစ်မှုများ ဆောလျင်စွာပြုလုပ်နိုင်ရေး အတွက် သတ်မှတ်ထားကြခြင်းဖြစ်ပါသည်။ ICAO သည် ADIZ သတ်မှတ်ရန်အတွက် ညွှန်ကြားချက်များ ပြုလုပ်ထားခြင်းရှိသော်လည်း စစ်အေးကာလတွင် အမေရိကန်သည် ဆိုဗီယက်၏အဝေးမှဗုံးကြဲတိုက်ခိုက်နိုင်သည့် လေကြောင်းအန္တရာယ်များကိုကာကွယ်ရန် ADIZ ကို စတင်သတ်မှတ်ပြီး ကြေညာခဲ့ရာမှ နောက်ပိုင်းတွင် အခြားနိုင်ငံများသည်လည်း AIP ၏ ENR 1.1 တွင် National Security Requirement ဟူသည့်ခေါင်းစဉ်ဖြင့် ထည့်သွင်းဖော်ပြလာခဲ့ကြပါသည်။ ADIZ သတ်မှတ်ရန် ICAO မှ စံချိန်စံညွှန်းသတ်မှတ်ပေးထားခြင်းမရှိသည့် အတွက် တစ်နိုင်ငံနှင့်တစ်နိုင်ငံမတူညီကြချေ။ အချို့နိုင်ငံများသည် ADIZ သတ်မှတ်ထားခြင်းမရှိသလို အချို့နိုင်ငံ များသည် Control လုပ်နိုင်သည့် FIR ကို ကျော်လွန်ကာ ADIZ များ သတ်မှတ်ကြပါသည်။ (ဥပမာ တရုတ်နိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် ဂျပန်နိုင်ငံနှင့် အငြင်းပွားလျက်ရှိသည့် ကျွန်းကို ကျော်လွန်ခြုံလွှမ်း၍ ADIZ သတ်မှတ်လိုက်ရာ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ် (တရုတ်) နိုင်ငံတို့၏ ADIZ နှင့် ထပ်လျက်ဖြစ်ကာ ယနေ့တိုင် အငြင်းပွားလျက်ရှိသည်။
ADIZ သည် မည်သည့်နိုင်ငံ၏ တရားစီရင်ပိုင်ခွင့် နယ်နိမိတ်အတွင်းတွင်ရှိမနေသော ကြားကွက်လပ်ပင်လယ် သမုဒ္ဒရာရေပြင် (High Seas) အပေါ်တွင်ပျံသန်းနေသော လေယာဉ်များရုတ်တရက် ခြိမ်းခြောက်ဝင်ရောက်လာခြင်း အား လက်ဦးမှုရယူ၍ ကာကွယ်မှုပြုလုပ်ရန်အတွက် သတ်မှတ်ကြခြင်းဖြစ်ပါသည်။ ADIZ သည် တရားဝင်အရ ပျံသန်းခွင့်ပြုချက်မရရှိထားသောလေယာဉ်များ မိမိနိုင်ငံလေကြောင်းနယ်မြေများသို့ ဝင်ရောက်ခြင်းမပြုစေရန် အသုံးပြုရမည်ဖြစ်ပြီး မိမိနိုင်ငံလေကြောင်းနယ်မြေများ၊ လေကြောင်းပိုင်နက်များအတွင်းသို့ ဝင်ရောက်ရန်ရည်ရွယ် ချက်မရှိသည့် နိုင်ငံတကာလေယာဉ်များအား ထိန်းချုပ်ခွင့်မရှိပေ။ နိုင်ငံများ၏ သီးသန့်အချုပ်အခြာအာဏာ ဝေဟင် ပိုင်နက်သည် ပင်လယ်ရေပိုင်နက် နယ်စပ်မျဉ်း၏အပြင် ဘက် 12 NM အထိသာသတ်မှတ်နိုင်သည်။ အဆိုပါနယ် မြေကျော်လွန်ပါက လေကြောင်းပျံသန်းမှုများသည် High Seas တွင် ICAO ၏ လေကြောင်းဆိုင်ရာသတ်မှတ်ချက် များနှင့်အညီ လွတ်လပ်စွာပျံသန်းခွင့်ရရှိနိုင်သည်။ လေယာဉ်များအား ကြားဖြတ်တိုက်ခိုက်ခြင်းပြုလုပ်ရာတွင် အန္တရာယ်ရှိနိုင်သည့် အခြေအနေများကို လျော့ပါးသက် သာစေရန် ချီကာဂိုကွန်ဗန်းရှင်းအရ ကာကွယ်ရေးဇုံတည် ထောင်ရေး လုပ်ထုံးလုပ်နည်းများကို လိုက်နာ၍ ADIZ များကို တည်ထောင်ရမည်။
ADIZ အတွင်း လေယာဉ်များအား ခွဲခြားစိစစ်ခြင်း၊ တည်နေရာစုံစမ်းခြင်း၊ ကွပ်ကဲထိန်းချုပ်ခြင်းနည်းလမ်းများသည် ချီကာဂိုကွန်ဗန်းရှင်းအရ အပြည်ပြည်ဆိုင်ရာလေကြောင်းပျံသန်းရာတွင် သက်ဆိုင်ရာလေကြောင်း အာဏာပိုင်အဖွဲ့ အစည်း၏ လုပ်ထုံးလုပ်နည်းအတိုင်းပင်ဖြစ်သည်။ နိုင်ငံတိုင်းသည် အခက်အခဲရှိသော (သို့မဟုတ်) သံသယရှိသော ပြည်ပလေယာဉ်များအား နိုင်ငံပိုင်လေယာဉ်များနည်းတူ ADIZ အတွင်း သတ်မှတ်ဆောင်ရွက်ရမည်။ ဖြစ်ရပ် တစ်ခုအနေဖြင့် ဆိုဗီယက်တိုက်လေယာဉ်များက အရပ်ဘက်ခရီးသည်တင်လေယာဉ် (Korean Airlines Flight 007
လေယာဉ်)အား ပစ်ချခဲ့၍ လေယာဉ်ပေါ်တွင် ပါဝင်သည့် လူပေါင်း (၂၆၉)ယောက်သေဆုံးခဲ့ပါသည်။ ထို့ကြောင့် ICAO သည် အရပ်ဘက်လေယာဉ်အား လက်နက်ဖြင့် ကြားဖြတ်တိုက်ခိုက်ခြင်းအား တားမြစ်ရန် သီးသီးသန့်သန့်ရှင်းလင်း စွာ ပြင်ဆင်ပြဌာန်းခဲ့ပါသည်။ ထို့အပြင် အထူးသီးသန့်စီးပွားရေးဇုံ (EEZ-Economic Exclusive Zone) အတွင်း တင်းကြပ်သောလုံခြုံရေးနည်းလမ်းများဖြင့် လုပ်ဆောင်ခြင်းမပြုရန် တားမြစ်ထားပါသည်။
ICAO သည် Non-Profit Organization ဖြစ်ပြီး နိုင်ငံတကာ၏ လေကြောင်းလောက ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အတူ သက်ဆိုင် ရာနိုင်ငံများ၏ လေကြောင်းအဖွဲ့အစည်းများသည်လည်း နိုင်ငံတော်၏ အကျိုးစီးပွားအတွက် လေကြောင်းပို့ဆောင် ရေး ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်လျက်ရှိကြပါသည်။ ICAO ၏ စံချိန်စံညွှန်းနှင့်အကြံပြုချက်များ (Standard and Recommended Practice) မလိုက်နာခြင်း၊ ကွဲလွဲခြင်း၊ အားနည်းချက်များတွေ့ရှိသည့် နိုင်ငံများ (လေကြောင်းဆိုင်ရာဌာနများ၊ လေယာဉ်ကွင်းများ၊ လေကြောင်းလိုင်း များအပါအဝင်) အတွက် အရေးယူအပြစ်ပေး ခြင်းမပြုလုပ်ဘဲ ၄င်းတို့၏ စံချိန်စံညွှန်းနှင့်အညီ ကိုက်ညီမှုမရှိဟုသာ ထုတ်ပြန်ကြေညာပါသည်။ အဆိုပါ အားနည်း ချက်များကို ပြင်ဆင်၍ ICAO ၏ စံသတ်မှတ်ချက်များနှင့် အညီ ပြန်လည်ပြုပြင်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ သို့ရာတွင် နိုင်ငံတော်လုံခြံုရေးကိစ္စရပ်အတွက်လည်း သက်ဆိုင်ရာ နိုင်ငံအတွင်း လေကြောင်းခြိမ်းခြောက်တိုက်ခိုက်မှုများ အန္တရာယ်မှကာကွယ်နိုင်ရန် စည်းမျဉ်း၊ စည်းကမ်း၊ နည်းဥပဒေနှင့် အက်ဥပဒေများ ထုတ်ပြန်ကြေညာဆောင်ရွက်ကြပါသည်။ မြန်မာနိုင်ငံတွင်လည်း Myanmar Aircraft Act ၊ Myanmar Aircraft Rule များ ထုတ် ပြန်ကြေညာထားပါသည်။ လေကြောင်းနယ်မြေများအား ထိရောက်အကျိုးရှိစွာအသုံးချရေး (FUA-Flexible Use Of Airspace) သဘောတရားများအရ လေကြောင်း နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးကိုလည်း မထိခိုက်စေဘဲ လေကြောင်ပျံသန်းမှုဖွံ့ဖြိုးတိုးတက်စေရန် စုပေါင်းညှိ နှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း လေကြောင်းဆိုင်ရာများ ဗဟုသုတရရှိစေရန်အလို့ငှာ ရည်ရွယ်၍ စုစည်းရေးထား တင်ပြပါသည်။
ကိုးကား
(၁) https://www.ais.gov.mm/eAIP/2018-08-80/html/index-en-GB.html
(၂) ICAO Annex 11 (Air Traffic Services)
(3) www.code 7700.com
(4) www.wikipedia.org
(5) www.ais.gov.mm
(6) www.icao.int