Friday, November 12, 2021

DME

 Sharing Aviation Knowledge (50)

မျှဝေလိုသော လေကြောင်းပညာ (၅၀)
DME (Distance Measuring Equipment)

လေကြောင်း တည်နေရာပြ စနစ်မှာ လေယာဥ် နှင့် မြေပြင်အခြေစိုက်စခန်း တို့ရဲ့ အကွာအ‌‌ဝေး ကိုတိုင်းတာရာမှာ DME စနစ်ကို အသုံးပြုကြတယ်။ ပိုတိကျတဲ့ တည်နေရာကို ပြဖို့ အပိုင်း ၄၉ မှာဖော်ပြတဲ့  VOR စနစ် နှင့် တွဲဖက် အသုံးပြုလေ့ရှိတယ်။ DME စနစ်ကိုလေ့လာရာမှာ Radar ရဲ့ အခြေခံသဘောတရားကို အရင်သိဖို့လိုပါမယ်။

Radar ဆိုတာ Radio Detection And Ranging ဆိုတဲ့စကားလုံးက ဆင်းသက်လာတယ်။ လေယာဥ်ရဲ့  တည်နေရာ အကွာအ‌‌ဝေး  နှင့် bearing တွေကို သိရှိဖော်ပြဖို့အတွက် radar ကို အသုံးပြုတယ်။ Primary နှင့် Secondary radar ဆိုပြီး ၂မျိုးခွဲထားတယ်။

လေယာဥ်အန်တီနာ မှ အင်အားကြီး  signal  တစ်ခု လွှင့်လိုက်တယ်။ မြေပြင်အခြေစိုက်စခန်း (၀ါ) အခြားလေယာဥ် (၀ါ) အရာ၀တ္တု တစ်ခုက ထို signal ကိုလက်ခံပြီး မူရင်းလေယာဥ်ထံ အင်အားနည်း တန်ပြန် signal တစ်ခု ပြန်ပို့တယ်။ တန်ပြန် signal အားကို တိုင်းတာပြီး မူရင်းလေယာဥ် နှင့် ပစ်မှတ် ကြားက အကွာအ‌‌ဝေး ကို သိရှိနိုင်တယ်။ ထိုနိယာမကို Primary radar လို့ဆိုတယ်။ လွှင့်အားကကြီးမားပြီး ပြန်လက်ခံအားနည်းတဲ့ ကွာဟချက်က Primary radar ရဲ့ အားနည်းချက်လို့ဆိုရမယ်။  လေယာဥ်ပျံစဥ် ရာသီဥတု ကောင်းမကောင်း တိုင်းတာတဲ့ Weather Radar စနစ်က Primary radar နိယာမကို အခြေခံပါတယ်။

အခြားနည်းလမ်း အနေနဲ့ လေယာဥ်အန်တီနာ မှအင်အားနည်း  signal  တစ်ခု လွှင့်လိုက်တယ်။ မြေပြင်အခြေစိုက်စခန်း က ထို signal ကိုလက်ခံ စိစစ်မယ်။ သို့နှင့် တန်ပြန် signal မဟုတ်တဲ့ signal အသစ်ကို မူရင်းလေယာဥ်ဆီ ပြန်ပို့တယ်။ ဒုတိယကမ္ဘာစစ်မှာ ရန်သူနှင့် မိတ်ဆွေယာဥ်တွေကို ခွဲခြားဖို့ စတင်အသုံးပြုခဲ့ကြတဲ့ ထိုနိယာမကို Secondary radar လို့ဆိုတယ်။ DME စနစ်က Secondary radar နိယာမကို အခြေခံထားပါတယ်။

လေယာဥ်ရဲ့  DME စနစ်မှာ signal ထုတ်လွှင့်တဲ့ Interrogator (computer) တပ်ဆင်ထားတယ်။ အလားတူ မြေပြင်အခြေစိုက်စခန်းမှာ signal လက်ခံတဲ့ transponder ထပ်ဆင်ထားမယ်။ လေယာဥ်ရဲ့  Interrogator မှ ထုတ်လွှင့်တဲ့ signal ကို မြေပြင်အခြေစိုက်စခန်းရဲ့  transponder မှလက်ခံ စိစစ်မယ်။ ပြီးနောက် Secondary signal အသစ်ကို လေယာဥ် Interrogator ထံပြန်ပို့မယ်။ signal ပို့ချိန်နှင့် ပြန်လက်ခံချိန် ကို Interrogator မှ တိုင်းတာတွက်ချက်ပြီး လေယာဥ် နှင့် မြေပြင်အခြေစိုက်စခန်း ရဲ့  လေမိုင် ၂၀၀ ၀န်းကျင်က အကွာအ‌‌ဝေးကို သိရှိနိုင်ပါတော့တယ်။

လေယာဉ်အကြောင်းရေးသော စာပုဒ်များသည် ကျနော့ထက် တက်သိသော လေယာဉ်ဆရာများ အတွက် မရည်ရွယ်ပါ။ လေယာဉ် အင်ဂျင်နီယာ ဘာသာရပ်များကို စိတ်ဝင်စားသော သူများအတွက် အစထုတ်ပေးခြင်းသာဖြစ်သည်။

အပိုင်း ၄၉ ကို ‌အောက်ပါ link မှာဖတ်နိုင်ပါတယ်။

https://web.facebook.com/permalink.php?story_fbid=315203313348802&id=105077741028028

မေတ္တာဖြင့်
ဆလိုင်းအင်ဒရူးဘွေဆန်လျန်း
ခေတ္တ ဖနောင်ပင်
၁၂ နို ၂၀၂၁

https://www.facebook.com/105077741028028/posts/425439498991849/