Tuesday, January 12, 2016

Custom (Airport in Myanmar)

မြန်မာပြည်တွင်းဝင်လျှင် ကြေငြာရမည့် ပစ္စည်းများ
===========================
(လေယာဉ်ပေါ်တွင်ဝေသည့် အကောက်ခွန် ကြေငြာလွှာမှာ ဖော်ပြထားတာပါ။)

၁။ အောက်ပါကုန်ပစ္စည်းများကို မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းခွင့်မပြု။

က) မူးယစ်ဆေး၊ စိတ်ကြွဆေးများ
ခ) သေနတ်၊ ကျည်ဆံ၊ ကျည်ကပ်၊ လက်နက်၊ ခဲယမ်းမီးကျောက်၊ ပေါက်ကွဲစေတတ်သောပစ္စည်းများ
ဂ) အများပြည်သူကို ထိခိုက်နာကျင်စေမည့်၊ စိတ်ပိုင်းဆိုင်ရာအနှောက်အယှက်ဖြစ်စေမည့် ပစ္စည်းများ (ဥပမာ - တုတ်၊ ဓားလက်နက်၊ အပြာစာအုပ်၊ ညစ်ညမ်းဗီဒီယို စသည်)
ဃ) ပိုက်ဆံအတု၊ ဒင်္ဂါးပြားအတုများ၊ ဘီလ်အတုများ၊
င) CITE လက်မှတ်မပါသော ရှားပါးတိရိစ္ဆာန်များနှင့် ၎င်းတို့၏ ထွက်ကုန်များ

၂။ မြန်မာနိုင်ငံသားများသည် နိုင်ငံခြားငွေပါရှိလာပါက မည်မျှပင်ဖြစ်စေ အကောက်ခွန်သို့ ကြေငြာပြီး FED form တောင်းခံယူရမည်။

၃။ ယခုကြေငြာချက်တွင် အမှန်အတိုင်းမကြေငြာ၊ မှားယွင်းကြေငြာပါက တည်ဆဲဥပဒေများအရ အရေးယူခြင်း ခံရမည်။

အကယ်၍ မရှင်းလင်းသည်များရှိခဲ့ပါက အကောက်ခွန်အရာရှိများထံ ချဉ်းကပ် မေးမြန်းပါ။
မြန်မာပြည်တွင်းတင်သွင်းရန် ကန့်သတ်ထားသောကုန်ပစ္စည်းများကို အကောက်ခွန်ဌာန အင်တာနက်စာမျက်နှာ၌ အောက်ပါအတိုင်း ဖော်ပြထားပါသည်။ ဤတွင်ဖော်ပြထားသော ပစ္စည်းစာရင်းနှင့် လေယာဉ်ပေါ်တွင်ဝေသည့် အခွန်ကြေငြာစာရွက်ပေါ်တွင် ဖော်ပြထားသည့် ပစ္စည်းစာရင်း မတူပါ။ ဤသည်မှာ မဖြစ်သင့်ဟု ထင်မြင်ယူဆမိ၏။

နိုင်ငံခြားငွေ
========

နိုင်ငံခြားသားများအနေနှင့် နိုင်ငံခြားငွေ မည်မျှမဆို သယ်ယူခဲ့နိုင်ပါသည်။ သို့သော် အမေရိကန်ဒေါ်လာ တစ်သောင်းထက်ပိုလျှင် FED (Foreign Exchange Declaration) Form ကို ဖြည့်ရပါမည်။

မြန်မာနိုင်ငံသားဖြစ်လျှင် နိုင်ငံခြားငွေမည်သည့်ပမာဏဖြစ်စေ FED (Foreign Exchange Declaration) Form ကို ဖြည့်ရပါမည်။

ထိုပုံစံကို သိမ်းထားရန် မမေ့ပါနှင့်။ အသင် မြန်မာပြည်မှ ပြန်လည်ထွက်ခွာသည့်အခါ အကောက်ခွန်ဌာနသို့ ပြန်ပေးခဲ့ရပါမည်။

ကျောက်မျက်ရတနာ၊ လက်ဝတ်လက်စား၊ ငွေထည်၊ လက်မှုလုပ်ငန်းပစ္စည်းအမျိုးမျိုး စသည်တို့ကို မြန်မာပြည်တွင်းမှ ၀ယ်ယူပြီး သယ်ထုတ်လိုလျှင် အမိန့်အာဏာရဆိုင်မှဝယ်ယူခဲ့ကြောင်း အထောက်အထား ပြေစာပြရမည်။

မြန်မာပြည်အ၀င်တွင် သယ်ယူလာခွင့်မပြုသော ပစ္စည်းများ
========================================

က) ပိုက်ဆံအတု၊ ဒင်္ဂါးပြားအတုများ
ခ) အပြာစာအုပ်၊ ညစ်ညမ်းဗီဒီယို
ဂ) တံဆိပ်အတုနှင့်ပစ္စည်းများ
ဃ) မူးယစ်ဆေး၊ စိတ်ကြွဆေးများ
င) ဖဲထုပ်များ
စ) ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံ အမှတ်တံဆိပ်ရိုက်နှိပ်ထားသော ကုန်ပစ္စည်းများ
ဆ) ဘုရားပုံတော်၊ ဆင်းတုတော်နှင့် ဘုရားပုံပါသည့်မည်သည့်ပစ္စည်းမဆို

မြန်မာပြည်မှ အထွက်တွင် သယ်ယူခွင့်မပြုသော ပစ္စည်းများ
========================================

က) ပိုက်ဆံအတု၊ ဒင်္ဂါးပြားအတုများ
ခ) အပြာစာအုပ်၊ ညစ်ညမ်းဗီဒီယို
ဂ) အမှတ်တံဆိပ် ရိုက်နှိပ်မထားသော ပစ္စည်းများ (Piece goods without stamped measurement - ဟုဖော်ပြထားပါသည်။ ကျွန်တော်ကောင်းကောင်းနားမလည်ပါ။)
ဃ) မူးယစ်ဆေး၊ စိတ်ကြွဆေးများ
င) ရှေးဟောင်းပစ္စည်းများ
စ) ရှားပါးတိရိစ္ဆာန်များနှင့် ၎င်းတို့၏ ထွက်ကုန်များ

အကောက်ခွန်လွတ်ကင်းခွင့်ပြုသော ပစ္စည်းများ (Very funny items)
===============================================

အကောက်ခွန်ဌာနက ထုတ်ပြန်သည့် ၂/၂၀၀၇ ကြေငြာစာအရ အောက်ပါကုန်ပစ္စည်းများကို အကောက်ခွန် ကင်းလွတ်ခွင့်ပြုသည်။

က) လက်ဆွဲကင်မရာနှင့်ဆက်စပ်ပစ္စည်း - ၁ စုံ
ခ) ၁၅ ချောင်းပါ ဂေါက်ရိုက်တံအစုံ - ၁ စုံ
ဂ) တင်းနစ်ရိုက်တံ၊ ကြက်တောင်ရိုက်တံ၊ ငါးမျှားတံ၊ လူလုပ်ငါးစာ - ၂ စုံ
ဃ) စက်ဘီး - ၁ စီး
င) တားမြစ်ထားသော ဆေးဝါးများမှ အပ ဆရာဝန်ထောက်ခံစာဖြင့် သယ်ဆောင်လာသော သောက်ဆေးများ
စ) မည်သည့်အရက်မဆို ၂ လီတာ ထိ
ဆ) ၁၅၀ စီစီထက် မပိုသော ရေမွှေး
ဇ) စီးကရက် အလိပ် ၄၀၀
ဈ) ဆေးပြင်းလိပ် အလိပ် ၅၀
ည) ဆေးတံသောက်ဆေး ၂၅၀ ဂရမ်
တ) မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှခွင့်ပြုထားသော လက်ဝတ်ရတနာများ
     (မြန်မာနိုင်ငံသားများဖြစ်လျှင် တစ်စုံ သယ်ခွင့်ပြုသည်။)(Citizens to take out on leaving Myanmar. တဲ့။ Very funny English.)
ထ) လက်ဆွဲကက်ဆက် - ၁ လုံး (Portable Audio Player)
ဒ)  လက်ဆွဲဗီဒီယိုကင်မရာ၊ HD Cam, DV cam နှင့် ဆက်စပ်ပစ္စည်းများ - ၁ စုံ
ဓ) လက်ဆွဲကွန်ပြူတာနှင့် ဆက်စပ်ပစ္စည်း - ၁ စုံ
န) USD 500 ထက်မပိုသော အီလက်ထရောနစ်ပစ္စည်းများ
ပ) ရုပ်သံမသွင်းရသေးသော စီဒီအကြီး - ၆ ချပ်
ဖ) ရုပ်သံမသွင်းရသေးသော စီဒီအသေး - ၆ ချပ်
ဗ) ရုပ်သံမသွင်းရသေးသော စီဒီပိစိညှောက်တောက် - ၁၂ ချပ်
     (သောက်ညင်ကပ်လို့ အဲသလို ဘာသာပြန်လိုက်တာ)
ဘ) ရုပ်သံမသွင်းရသေးသော ဗီဒီယိုတိပ်ခွေ - ၆ ခု
မ) အသံမသွင်းရသေးသော ကက်ဆက်တိပ်ခွေ - ၆ ခွေ (မရမကရှာဝယ်ပါ)
ယ) DV Cam, HD Cam တို့အတွက် ရုပ်သံမသွင်းရသေးသော တိပ်ခွေ - ၆ ခု
ရ) Thumb drive - ၂ ခု (အို - အဖဘုရားသခင်)
လ) အကောက်ခွန်အရာရှိက အမေရိကန်ဒေါ်လာ ၅၀၀ ထက်မပိုဟု တွေးထင်သော တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းများ (ဗုဒ္ဓေါ)
ဝ) အစိုးရကိစ္စဖြင့်လာသူများဖြစ်ပါက တစ်နှစ်အတွင်း ပြန်ထွက်လျှင် မိမိတို့နှင့်အတူ သယ်ဆောင်လာသော အောက်ပါပစ္စည်းများကို အကောက်ခွန် ကင်းလွတ်ခွင့် ပြုသည်။
၁) ဒီဗီဒီ/ဗီစီအာ ပြစက် - ၁ ခု
၂) တီဗီ - ၁ လုံး
၃) လက်စွဲရေဒီယို/ကက်ဆက် - ၁ ခု
၎) လက်ပ်တော့ကွန်ပြူတာ - ၁ ခု (ဤနေရာတွင် Laptop computer or Notebook ဟု ရေးထားရာ Laptop နှင့် Notebook မည်သို့ ကွာခြားမှန်း ကျွန်ုပ်မှာ မဝေခွဲတတ်အောင်ဖြစ်ရလေသော ဟူသတတ်။)
၅) လုပ်ငန်းသုံး ကိရိယာများ
၆) ခရီးထွက်စဉ် သေဆုံးသွားသူ၏ ကိုယ်ပိုင်ပစ္စည်းများ

ရည်ညွှန်း

http://www.myanmarcustoms.gov.mm/passengerdeclaration.aspx
http://www.yangonairportonline.com/Myanmar-Immigration-Customs.aspx