Sunday, September 23, 2018

FIR and ADIZ


FIR and ADIZ
ရေးသားသူ ...ဦးကာတွန်း
ICAO
၁။ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းဖွံ့ဖြိုးရေး (International Civil Aviation) မှ ဦးစီးကာ ၁၉၄၄ ခုနှစ်တွင် Chicago Convention အစည်းအဝေးကြီး ကျင်းပပြုလုပ်ပြီး အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့အစည်း (ICAO-International Civil Aviation Organization) အား စတင်တည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ တရားဝင်ဖွဲ့စည်းခြင်းအား ၁၉၄၇ခုနှစ်တွင် ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့တွင် အခြေစိုက်၍ လုပ်ငန်းစဉ်များအား စတင်လုပ်ဆောင်ခဲ့ကြသည်။ ICAO သည် ကုလသမဂ္ဂ၏ အထူးအေဂျင်စီ အဖွဲ့ဖြစ်ပြီး လေကြောင်းလောက လုံခြုံစိတ်ချစွာ ဖွံ့ဖြို တိုးတက်စေရေး လုပ်ဆောင်လာခဲ့ကြသည်။ လက်မှတ်ရေးထိုး ထားသည့် အဖွဲ့ဝင်နိုင်ငံ ပေါင်း ၁၉၀ ရှိပါသည်။
https://www.icao.int/about-icao/Pages/default.aspx
လေကြောင်းဆိုင်ရာ သတင်းအချက်အလက်များ ကွပ်ကဲထိန်းချုပ်ရေး နယ်မြေ (FIR – Flight Information Region)
၂။ ICAO ၏ စံချိန်စံညွှန်း သတ်မှတ်ချက်များအတိုင်း သက်ဆိုင်ရာ နိုင်ငံအတွင်း လေကြောင်းဆိုင်ရာ သတင်းအချက်အလက်များ ဝန်ဆောင်မှုပေးခြင်း (Flight Information Service) ၊ လေကြောင်းထိန်းသိမ်းရေးလုပ်ငန်းများ ဝန်ဆောင်မှု ပေးခြင်း (Air Traffic Service) နှင့် သတိပေးချက်များ ထုတ်ပြန်သည့် ဝန်ဆောင်မှုပေးခြင်း (Alerting Service) ဆိုင်ရာ လုပ်ဆောင်ချက်များအား သက်ဆိုင်ရာ လေကြောင်းပျံသန်းမှုဆိုင်ရာ ထိန်းသိမ်းရေးဗဟိုဌာန (ACC-Area Control Center) မှ လုပ်ဆောင်ပေးပြီး ACC ရှိသည့် မြို့ကိုအစွဲပြုကာ ၎င်းACC ထိန်းချုပ်ဆောင်ရွက်ပေးနိုင်သည့် ဧရိယာတွင် FIR နာမည်အား သတ်မှတ်ကြပါသည်။ (ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် ACC ရှိသည့် မြို့ကို အစွဲပြု၍ Yangon FIR ဟု သတ်မှတ်ပြီး Myanmar FIR ဟု သုံးနှုန်းခြင်း မပြုလုပ်ကြပါ)။ အချို့သော နိုင်ငံများသည် နိုင်ငံနယ်နိမိတ်ဧရိယာ ကျယ်ဝန်းသည့်အတွက် ACC ၂ခု ၊ ၃ခု စသည်ဖြင့် ဖွဲ့စည်းထားရှိပြီး နိုင်ငံတစ်နိုင်ငံအတွင်းမှာပင် FIR များစွာ ရှိနိုင်ပါသည်။ (ဥပမာ အိန္ဒိယနိုင်ငံတွင် FIR ၄ခုနှင့် တရုတ်နိုင်ငံတွင် FIR ၁၁ခု ခွဲခြားသတ်မှတ် ထားပါသည်)။ https://www.wikipedia.org/wiki/Flight_Information_Region
၃။ နိုင်ငံအလိုက် FIR များသတ်မှတ်ထားရှိကြသော်လည်း အဆိုပါ FIR များသည် သက်ဆိုင်ရာနိုင်ငံပိုင်ဆိုင်သည့် ဝေဟင်ပိုင်နက် အချုပ်အခြာပိုင်နယ်မြေဟု သတ်မှတ် ခြင်း မဟုတ်ဘဲ အထက်တွင် ဖော်ပြထားသည့် Service ၃မျိုး လုပ်ဆောင်ပေးနိုင်ရန် အတွက် တာဝန်ယူဆောင်ရွက်နိုင်စေရန်သာ သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ ICAO အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးထားသော နိုင်ငံများသည် အဖွဲ့ချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာနိုင်ငံ၏ Service ပေးနိုင်သည့် Facilities များ အပေါ်တွင် မူတည်၍ တာဝန်ယူဆောင်ရွက်နိုင်သည့် နယ်မြေများအား FIR အဖြစ် ခွဲဝေသတ်မှတ်ကြခြင်း ဖြစ်ပါသည်။ နိုင်ငံ၏ တည်နေရာ အကျယ်အဝန်းများပေါ်တွင် မူတည်၍ သတ်မှတ်ကြခြင်းမျိုး မဟုတ်ဘဲ သက်ဆိုင်ရာနိုင်ငံ၏ စွမ်းဆောင်နိုင်မှု၊ တာဝန်ယူနိုင်မှုများပေါ်တွင် မူတည်၍ ဧရိယာသတ်မှတ် ကြခြင်းဖြစ်ပါသည်။  စင်္ကာပူနိုင်ငံသည် နိုင်ငံနယ်နိမိတ် အလွန်သေးငယ်သော်လည်း Service ပေးနိုင်သည့် Facilities များအရ တာဝန်ယူဆောင်ရွက်ပေးနိုင်သည့် FIR သည် အလွန်ပင် ကျယ်ဝန်းလှပါသည်။ ၎င်းနိုင်ငံအတွင်းသို့ ဆင်းသက်ရပ်နားမည့် လေယာဉ်များ အတွက်သာ Charge များကောက်ခံပြီး FIR အတွင်း ဖြတ်ကျော်ပျံသန်း (Over Fly) လေယာဉ်များအား Service ၃မျိုး ကောင်းမွန်စွာထောက်ပံ့ပေးပြီး Charge များ ကောက်ခံခြင်း လုံးဝမရှိချေ။
လေကြောင်းရန်ကာကွယ်ရေး ခွဲခြားစိစစ်ရေးဇုံ (ADIZ- Air Defense Identification Zone)
၎။ ADIZ အား သက်ဆိုင်ရာနိုင်ငံ၏ နိုင်ငံတော်လုံခြုံရေး ကိစ္စရပ်များပေါ် မူတည်၍ သတ်မှတ်ထားရှိကြပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံ သတ်မှတ်သည့်ပုံစံ၊ နည်းစနစ်၊ နည်းလမ်းများ တူညီနိုင်မည်မဟုတ်ပေ။ မြန်မာနိုင်ငံတွင် ဤဇုံအတွင်း ဝင်ရောက် လာသည့် လေကြောင်းပျံသန်းမှုများအား တတ်နိုင်သမျှ ဆောလျှင်စွာ လေကြောင်းရန် ကာကွယ်ရေး ခွဲခြားစိစစ်မှု ပြုလုပ်နိုင်ရန် ရည်မှန်း၍ သတ်မှတ်ရေးဆွဲထားပါသည်။ မြန်မာနိုင်ငံ၏ လေကြောင်းနယ်မြေ (Air Space) ဖြစ်သည့် YGN FIR အတွင်းတွင် ဖွဲ့စည်းတည်ဆောက် ရေးဆွဲထားပါသည်။ မြန်မာနိုင်ငံ၏ ကုန်းတွင်းပိုင်းတွင် နယ်စပ်မျဉ်းတစ်လျှောက် သတ်မှတ်ထားပြီး ပင်လယ်ပြင်ထဲတွင် သက်ဆိုင်ရာ တည်နေရာ (Lat ,  Long) များအရ ရေးဆွဲ သတ်မှတ်ထားပါသည်။ တည်နေရာ သတ်မှတ်ချက် အသေးစိတ်အချက်အလက် များအား မြန်မာနိုင်ငံ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန လက်အောက်ရှိ လေကြောင်းဆိုင်ရာ သတင်း အချက်အလက် ထုတ်ပြန်သည့်ဌာန (AIS- Aeronautical Information Service ) မှ ထုတ်ပြန်ထားသော လေကြောင်းဆိုင်ရာ သတင်းအချက်အလက် ထုတ်ပြန်ချက် စာအုပ် (AIP- Aeronautical Information Publication) တွင် ထည့်သွင်း ကြေညာထားပြီး ဖြစ်ပါသည်။
https://www.ais.gov.mm/eAIP/2018-08-30/html/index-en-GB.html
၅။ မည်သည့်လေယာဉ်မဆို ADIZ အတွင်းသို့ ဝင်ရောက်ခြင်းနှင့် ထွက်ခွာခြင်း များအတွက် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ စစ်ဆေးအတည်ပြုချက် လိုအပ် ပါသည်။  ထိုကဲ့သို့ စစ်ဆေးအတည်ပြုချက် ရရှိစေရန်အတွက် လေယာဉ်တစ်စီး ပျံသန်းမည့်အစီအစဉ် (Flight Plan) ကို လေယာဉ်မပျံသန်းမီ မိနစ်၃၀ ကြိုတင်၍ ဖြတ်ကျော်ပျံသန်းမည့် နိုင်ငံ၏ လေကြောင်းထိန်းဌာန (ATCC- Air Traffic Control Center ) အားတင်ပြရမည် ဖြစ်ပြီး FIR အတွင်း ဝင်ရောက်သည်နှင့် အရေးပေါ်အခြေအနေမှတစ်ပါး ပြောင်းလဲပျံသန်းခြင်းအား ခွင့်မပြုပေ။ ပြည်တွင်း ပျံသန်းသော လေယာဉ်များအပါအဝင် ပြည်ပ ဆိုက်ရောက်/ထွက်ခွာ လေယာဉ်များနှင့် ပြည်ပဖြတ်ကျော် ပျံသန်းသည့် လေယာဉ်များအားလုံးသည် ACC မှတဆင့် လေကြောင်းရန်ကာကွယ်ရေး သတင်းပေးဌာန (ADNC- Air Defense Notification Center) ၏ လေကြောင်းရန်ကာကွယ်ရေး ခွင့်ပြုနံပါတ် (ADC – Air Defense Clearance) ရယူရမည် ဖြစ်ပါသည်။

လေကြောင်းပျံသန်းမှုအစီအစဉ် (Flight Plan)
၆။ ပုံမှန်ပျံသန်းနေသော လေကြောင်းခရီးစဉ် (Schedule Flight) များအတွက် Flight Plan အား မပျံသန်းမီ ကြိုတင်၍ DCA သို့ ပေးပို့တင်ပြ တောင်းခံနိုင်သည်။ အချို့သော လေကြောင်းလိုင်းများသည် Summer Schedule ၊ Winter Schedule စသဖြင့် လပေါင်းများစွာအတွက် နေ့စဉ်ပျံသန်းမည့် ခရီးစဉ်အား Flight Plan တင်ထားကြပြီး အချို့ လေကြောင်းလိုင်းများသည် တစ်လစာကြိုတင်ထားကြပါသည်။ ပုံမှန်ပျံသန်းနေကျ မဟုတ်သော လေကြောင်းခရီးစဉ် (Non Schedule Flight) များနှင့် အရေးကြီးခရီးစဉ်များအတွက် ပျံသန်းမည့် အသေးစိတ်အချက်အလက်များ နှင့် တကွ စတင်မပျံသန်းမီ မိနစ် ၃၀ နောက်ဆုံးထား၍ DCA သို့ပေးပို့တင်ပြ တောင်းခံနိုင်သည်။ အကယ်၍ ပျံသန်းနေစဉ်အတွင်း Flight Plan တင်ပြပါက သက်ဆိုင်ရာ လေကြောင်းထိန်းဌာန (သို့မဟုတ်) လေကြောင်းရန်ကာကွယ်ရေးမှ လက်ခံနိုင်ပါက သတ်မှတ်နေရာသို့ မရောက်မီ ၁၀ မိနစ်ကြိုတင်၍ ပေးပို့တင်ပြ တောင်းခံနိုင်သည်။ (ENR 1.10 Flight Planning)
လေယာဉ်ပျံသန်းမှု ခွင့်ပြုလက်ခံခြင်း
၇။ မြန်မာနိုင်ငံ၏ YGN FIR နှင့် ကပ်လျှက်ရှိသော အိမ်နီးချင်း FIR များ အချင်းချင်း အပြန်အလှန် လေကြောင်းခရီးစဉ်များ လွှဲပြောင်းလက်ခံ ရယူ ထိန်းကြောင်းပေးရသည်။ FIR တစ်ခုမှ တစ်ခုသို့ လေကြောင်းခရီးစဉ်များ လွှဲပြောင်းပေးရာတွင် FIR အား Control လုပ်သည့် ACC များမှ Radio Frequency တွင် အလုပ်လုပ်ဆောင်၍ လေကြောင်းခရီးစဉ် အချက်အလက်များ ပေးပို့လွှဲပြောင်း ပေးပါသည်။ လေယာဉ်အား သတ်မှတ်ထားသည့် အခေါ်အဝေါ် (Call Sign) ၊ လက်ရှိပျံသန်းနေသော အမြင့် (Flight Level)၊ လက်ရှိပျံသန်းနေသော အလျင်နှုန်း (Speed)၊ဦးတည်ရာအရပ် (Heading)၊  SSR Transponder ကုဒ်နံပါတ် (Squwak)၊ ပျံသန်းသည့်လမ်းကြောင်း (Route)၊ သတင်းပို့ရမည့် သတင်းပို့အမှတ် (Reporting Point) စသည့်အချက် အလက်များအား အသေးစိတ်ဖော်ပြ လွဲပြောင်းပေးရသည်။

အနိမ့်ဆုံးပျံသန်းနိုင်သည့်အမြင့်နှင့် လမ်းကြောင်းမှသွေဖည်နိုင်သော အကွာအဝေး
၈။ AIP ၏ ENR အခန်း 3.1 တွင် ပျံသန်းရမည့် သတ်မှတ်လမ်းကြောင်း (ATS route ) များအလိုက် အနိမ့်ဆုံးပျံသန်းနိုင်သည့် အမြင့်ကို ဖော်ပြထားပါသည်။ အဆိုပါ အမြင့်ဖော်ပြချက်များအရ သတ်မှတ်လမ်းကြောင်း၏ ဘယ်/ညာ တစ်ဘက်တစ်ချက် 10 NM (Ten Nautical Mile) အတွင်းတွင် မြေပြင်ရှိ အမြင့်ဆုံး အတားအဆီး ရှိနေသည့် နေရာမှ ၃၀၀ မီတာ (၁၀၀၀ပေ) ထိ ပျံသန်းနိုင်ပါသည်။ Area Navigation (RNAV) နှင့် Required Navigation Performance (RNP) အညွှန်းကိန်းများအရ နိုင်ငံများ၏ လေကြောင်းနယ်မြေ (Air Space)နှင့် ပျံသန်းရန် သတ်မှတ်ထားသော လမ်းကြောင်းများ ( ATS routes and RNAV routes) များသည် လုပ်ဆောင်နိုင်မှု ကွဲပြားခြားနားကြပါသည်။ (ဥပမာ RNAV1, RNAV2 နှင့် RNP10 စသဖြင့် တိကျနိုင်မှုနှင့် လွဲမှားနိုင်မှုများပေါ်တွင် မူတည်၍ ပျံသန်းရမည့် လမ်းကြောင်း၏ ဘယ်/ညာ ၁မိုင် (သို့မဟုတ်) ၂မိုင် (သို့မဟုတ်) ၁၀မိုင် စသဖြင့် သွေဖည်ပျံသန်း နိုင်ခွင့်ရှိသည်)။ အကြမ်းဖျဉ်း နှိုင်းယှဉ်ဖော်ပြချက်များအရ ဥရောပတိုက်ဒေသ အတွင်းတွင်  B-RNAV (Basic Area Navigation) ဖြစ်သည့် +/- 5NM သတ်မှတ်ထားပြီး အဆိုပါဒေသ၏ သက်ဆိုင်ရာ လေယာဉ်ကွင်း ဆင်း/တက်/ချဉ်းကပ် မည့်နေရာများတွင် P-RNAV (Precision Area Navigation) ဖြစ်သည့် +/- 1NM သတ်မှတ်ထားသည်။ U.S. တွင် RNAV1 သတ်မှတ်ပြီး +/- 1 NM ပျံသန်းနိုင်သည်။ အာရှ၊ ပိစိဖိတ်ဒေသတွင် ကုန်းတွင်းဧရိယာ ဖြစ်သည့် နိုင်ငံများပေါ်တွင် ပျံသန်းပါက RNP 4 ဖြစ်သည့် +/- 4 NM ပျံသန်းနိုင်ပြီး ပင်လယ် သမုဒ္ဒရာများအတွင်းတွင် RNP10 ဖြစ်သည့် +/- 10 NM သွေဖည်ပျံသန်းနိုင်ပါသည်။
( www.code7700.com/airspace-rnav-vs-rnp.htm#comparisons )
တားမြစ်နယ်မြေများ
၉။ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်နက်နယ်မြေအတွင်း လေကြောင်း ပျံသန်းမှုများကို တားမြစ်ထားသည့် တားမြစ်နယ်မြေ (Prohibited Area)၊ ကန့်သတ်နယ်မြေ (Restricted Area) ၊ အန္တရာယ်ရှိသောနယ်မြေ (Danger Area) များအား သတ်မှတ်ချက်များနှင့်အညီ ဖွဲ့စည်းသတ်မှတ်ထားပါသည်။ တားမြစ်နယ်မြေ မှလွဲ၍ ကျန်နယ်မြေများအား သတ်မှတ်အတည်ပြုရာတွင် NOTAM ( Notice To Air Men) ထုတ်ပြန်ပြီး ကြေညာလေ့ရှိသော်လည်း တားမြစ်နယ်မြေ၏ သတ်မှတ်ချက် အတွင်း မည်သည့်အချိန်၊ မည့်သည့်အခြေအနေ (နိုင်ငံတော် သမ္မတ၏ အထူး အခွင့်အာဏာ မှလွဲ၍) တွင်မဆို ဝင်ရောက်ခြင်းကို တားမြစ်ထားပါသည်။ Myanmar Air Craft Rule တွင်ပါဝင်သည့် စည်းမျဉ်းစည်းကမ်း ဥပဒေများအရ အဆိုပါ တားမြစ်နယ်မြေအတွင်း ဝင်ရောက်ပျံသန်းသူအား ၃လ ထက်မကျော်သော ထောင်ဒဏ် ကိုဖြစ်စေ၊ ၅၀၀၀၀ ကျပ်ထက်မပိုသော ငွေဒဏ်ကိုဖြစ်စေ၊ ပြစ်ဒဏ် နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်ပါသည်။ (ENR 2.3.8.1)
Permission မရှိသော လေကြောင်းခရီးစဉ်
၁၀။ အကယ်၍လေကြောင်းခရီးစဉ်သည် Flight Plan တင်ထားခြင်းမရှိဘဲ မိမိ FIR အတွင်း ခွင့်ပြုချက်မရရှိဘဲ ဝင်ရောက်လာပါက Area Control Center (ACC) မှ ပြန်လည်ထွက်ခွာစေရန် အမိန့်ပေးညွှန်ကြားရမည်။ ထိုသို့ညွန်ကြားထားသော်လည်း ဆက်လက်ဝင်ရောက်လာပါက လေတပ်သို့ သတင်းပို့၍ လေတပ်၏စီမံချက်များဖြင့် အဆိုပါ လေကြောင်းခရီးစဉ် ပျံသန်းနေသော လေယာဉ်အား ပြန်လည်ထွက်ခွာ စေရမည်။ အလားတူ တရားဝင် ADC (Air Defense Clearance) မပါရှိဘဲ ပျံသန်းလာသောလေယာဉ် (သို့မဟုတ်) ညွန်ကြားချက်များ လိုက်နာရန်ပျက်ကွက်သည့် လေယာဉ် (သို့မဟုတ်) ခွင့်ပြုထားသည့် လမ်းကြောင်းမှ သွေဖည်ပျံသန်းလာသည့် လေယာဉ်များသည် ကြားဖြတ်တိုက်ခိုက်နည်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ ကြားဖြတ် လုပ်ဆောင်ခြင်းခံရမည် ဖြစ်ပါသည်။ ဥပဒေမဲ့ ဝင်ရောက်ကျူးကျော် လာသည့် လေယာဉ်များအတွက် လေကြောင်းထိန်းဌာနနှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမည့် နည်းလမ်းများကို ICAO ၏ Annex 11 Air Traffic Service ၏ အခန်း 2.17 တွင် သေးစိတ်ရှင်းလင်းဖော်ပြထားပါသည်။

အထွေထွေအချက်အလက်များ
၁၁။ နိုင်ငံများတွင် FIR များ၊ ADIZ များ သတ်မှတ်ထားကြသော်လည်း အဆိုပါ ဧရိယာများသည် နိုင်ငံဝေဟင်ပိုင်နက်ဟု သတ်မှတ်ခြင်းမပြုပေ။ FIR သည် လေကြောင်း သတင်းအချက်အလက်ပေးရန်၊ လေကြောင်းပျံသန်းမှု ထိန်းသိမ်းပေးရန် နှင့် သတိပေးချက်များ ထုတ်ပြန်ပေးရန် အတွက်သာ သတ်မှတ်တာဝန်ယူထားသော ဧရိယာဖြစ် ပါသည်။ ထို့အပြင် ICAO အဖွဲ့ဝင်နိုင်ငံများသည် မိမိနိုင်ငံ FIR အတွင်း အရေးပေါ် အခြေအနေများအတွက် ကူညီဆောင်ရွက်ရန်နှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ အတွက် SAR ( Search and Rescue ) အဖွဲ့များ ဖွဲ့စည်းထားရှိ ရမည်ဟု သဘောတူညီ လက်မှတ်ရေးထိုးထားကြပါသည်။
၁၂။ ADIZ သည် နိုင်ငံတော်၏ လုံခြုံရေးကိစ္စရပ်များကို မျှော်တွေးပြီး ခွဲခြားစိစစ်မှု များ ဆောလျင်စွာ ပြုလုပ်နိုင်ရေးအတွက် သတ်မှတ်ထားကြခြင်း ဖြစ်ပါသည်။ ICAO သည် ADIZ သတ်မှတ်ရန်အတွက် ညွှန်ကြားချက်များ ပြုလုပ်ထားခြင်းမရှိသော်လည်း စစ်အေးကာလတွင် အမေရိကန်သည် ဆိုဗီယက်၏ အဝေးမှဗုံးကြဲတိုက်ခိုက်နိုင်သည့် လေကြောင်း အန္တရာယ်များကို ကာကွယ်ရန် ADIZ ကို စတင်သတ်မှတ်ပြီး ကြေညာခဲ့ရာမှ နောက်ပိုင်းတွင် အခြားနိုင်ငံများသည်လည်း AIP ၏ ENR 1.1 တွင် National Security Requirement ဟူသည့်ခေါင်းစဉ်ဖြင့် ထည့်သွင်းဖော်ပြလာခဲ့ကြ ပါသည်။ ADIZ သတ်မှတ်ရန် ICAO မှ စံချိန်စံညွှန်း သတ်မှတ်ပေးထားခြင်း မရှိသည့် အတွက် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီကြချေ။ အချို့နိုင်ငံများသည် ADIZ သတ်မှတ်ထားခြင်းမရှိသလို အချို့နိုင်ငံများသည် Control လုပ်နိုင်သည့် FIR ကို ကျော်လွန်ကာ ADIZ များ သတ်မှတ်ကြပါသည်။ (ဥပမာ တရုတ်နိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် ဂျပန်နိုင်ငံနှင့် အငြင်းပွားလျက်ရှိသည့် ကျွန်းကို ကျော်လွန်ခြုံလွှမ်း၍ ADIZ သတ်မှတ်လိုက်ရာ ဂျပန်၊ တောင်ကိုရီးယား ၊ ထိုင်ဝမ် (တရုတ်) နိုင်ငံတို့၏ ADIZ နှင့် ထပ်လျက်ဖြစ်ကာ ယနေ့တိုင် အငြင်းပွားလျက်ရှိသည်။
၁၃။ ADIZ သည် မည်သည့်နိုင်ငံ၏ တရားစီရင်ပိုင်ခွင့် နယ်နိမိတ်အတွင်းတွင် ရှိမနေသော ကြားကွပ်လပ်ပင်လယ်သမုဒ္ဒရာရေပြင် (High Seas) အပေါ်တွင်ပျံသန်း နေသော လေယာဉ်များ ရုတ်တရက် ခြိမ်းခြောက်ဝင်ရောက်လာခြင်းအား လက်ဦးမှု ရယူ၍ ကာကွယ်မှုပြုလုပ်ရန်အတွက် သတ်မှတ်ကြခြင်းဖြစ်ပါသည်။ ADIZ သည် တရားဝင်အရ ပျံသန်းခွင့်ပြုချက်မရရှိထားသော လေယာဉ်များ မိမိနိုင်ငံ လေကြောင်းနယ်မြေများသို့ ဝင်ရောက်ခြင်းမပြုစေရန် အသုံးပြုရမည်ဖြစ်ပြီး မိမိနိုင်ငံ လေကြောင်းနယ်မြေများ၊ လေကြောင်းပိုင်နက်များအတွင်းသို့ ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိသည့် နိုင်ငံတကာ လေယာဉ်များအား ထိန်းချုပ်ခွင့်မရှိပေ။ နိုင်ငံများ၏ သီးသန့်အချုပ်အခြာအာဏာ ဝေဟင်ပိုင်နက်သည် ပင်လယ်ရေပိုင်နက် နယ်စပ်မျဉ်း၏အပြင်ဘက် 12 NM ထိသာ သတ်မှတ်နိုင်သည်။ အဆိုပါ နယ်မြေ ကျော်လွန်ပါက လေကြောင်းပျံသန်းမှုများသည် High Seas တွင် ICAO ၏ လေကြောင်းဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ လွတ်လပ်စွာ ပျံသန်းခွင့်ရရှိနိုင်သည်။ လေယာဉ်များအား ကြားဖြတ်တိုက်ခိုက်ခြင်းပြုလုပ်ရာတွင် အန္တရာယ်ရှိနိုင်သည့် အခြေအနေများကို လျော့ပါးသက်သာစေရန် ချီကာဂိုကွန်ဗန်းရှင်းအရ ကာကွယ်ရေးဇုံ တည်ထောင်ရေး လုပ်ထုံးလုပ်နည်းများကို လိုက်နာ၍ ADIZ များကို တည်ထောင် ရမည်။( https://thediplomat.com/2016/09/south-china-sea-how-to-prevent-china-from-changing-the-status-quo/ )
၁၄။ ADIZ အတွင်း လေယာဉ်များအား ခွဲခြားစိစစ်ခြင်း၊ တည်နေရာစုံစမ်းခြင်း၊ ကွပ်ကဲထိန်းချုပ်ခြင်း နည်းလမ်းများသည် ချီကာဂိုကွန်ဗန်းရှင်းအရ အပြည်ပြည် ဆိုင်ရာ လေကြောင်းပျံသန်းရာတွင် သက်ဆိုင်ရာလေကြောင်း အာဏာပိုင်အဖွဲ့ အစည်း၏ လုပ်ထုံးလုပ်နည်းအတိုင်းပင် ဖြစ်သည်။ နိုင်ငံတိုင်းသည် အခက်အခဲရှိသော (သို့မဟုတ်) သံသယရှိသော ပြည်ပလေယာဉ်များအား နိုင်ငံပိုင်လေယာဉ်များနည်းတူ ADIZ အတွင်း သတ်မှတ်ဆောင်ရွက်ရမည်။ ဖြစ်ရပ်တစ်ခုအနေဖြင့် ဆိုဗီယက် တိုက်လေယာဉ်များက အရပ်ဘက် ခရီးသည်တင်လေယာဉ် (Korean Airlines Flight 007 လေယာဉ်) အား ပစ်ချခဲ့၍ လေယာဉ်ပေါ်တွင် ပါဝင်သည့် လူပေါင်း၂၆၉ ယောက် သေဆုံးခဲ့ပါသည်။ ထို့ကြောင့် ICAO သည် အရပ်ဘက်လေယာဉ်အား လက်နက်ဖြင့် ကြားဖြတ်တိုက်ခိုက်ခြင်းအား တားမြစ်ရန် သီးသီးသန့်သန့်ရှင်းလင်းစွာ ပြင်ဆင်ပြဌာန်းခဲ့ပါသည်။ ထို့အပြင် အထူးသီးသန့်စီးပွားရေးဇုံ (EEZ- Economic Exclusive Zone) အတွင်း တင်းကြပ်သောလုံခြုံရေး နည်းလမ်းများဖြင့် လုပ်ဆောင်ခြင်းမပြုရန် တားမြစ်ထားပါသည်။
၁၅။ ICAO သည် Non-Profit Organization ဖြစ်ပြီး နိုင်ငံတကာ၏ လေကြောင်းလောက ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက် ရှိပါသည်။ ထို့အတူ သက်ဆိုင်ရာနိုင်ငံများ၏ လေကြောင်းအဖွဲ့အစည်းများသည်လည်း နိုင်ငံတော်၏ အကျိုးစီးပွားအတွက် လေကြောင်းပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်လျက်ရှိကြပါသည်။ ICAO ၏ လမ်းညွှန်ချက်များ (Standard and Recommended Practice) မလိုက်နာခြင်း၊ ကွဲလွဲခြင်း၊ အားနည်းချက်များ တွေ့ရှိသည့် နိုင်ငံများ (လေကြောင်းဆိုင်ရာဌာနများ၊ လေယာဉ်ကွင်းများ၊ လေကြောင်း လိုင်းများ အပါအဝင်)အတွက် အရေးယူအပြစ်ပေးခြင်း မပြုလုပ်ဘဲ ၎င်းတို့၏ စံချိန်စံညွန်းနှင့်အညီ ကိုက်ညီမှုမရှိဟုသာ ထုတ်ပြန်ကြေညာပါသည်။ အဆိုပါ အားနည်းချက်များကို ပြင်ဆင်၍ ICAO ၏စံသတ်မှတ်ချက်များနှင့်အညီ ပြန်လည် ပြုပြင်ဆောင်ရွက် ရမည်ဖြစ်ပါသည်။ သို့ရာတွင် နိုင်ငံတော် လုံခြုံရေးကိစ္စရပ် အတွက်လည်း သက်ဆိုင်ရာနိုင်ငံအတွင်း လေကြောင်းခြိမ်းခြောက်တိုက်ခိုက်မှုများ အန္တရာယ်မှ ကာကွယ်နိုင်ရန် စည်းမျဉ်း၊စည်းကမ်း၊ နည်းဥပဒေနှင့် အက်ဥပဒေများ ထုတ်ပြန်ကြေညာ ဆောင်ရွက်ကြပါသည်။ မြန်မာနိုင်ငံတွင်လည်း Myanmar Aircraft Act ၊ Myanmar Aircraft Rule များ ထုတ်ပြန်ကြေညာထားပါသည်။ လေကြောင်းနယ်မြေများအား ထိရောက်အကျိုးရှိစွာ အသုံးချရေး (FUA- Flexible Use Of Airspace) သဘောတရားများအရ လေကြောင်းနယ်မြေအတွင်း နိုင်ငံတော် လုံခြုံရေးကိုလည်း မထိခိုက်စေဘဲ လေကြောင်းပျံသန်းမှု ဖွံ့ဖြိုးတိုးတက်စေရန် စုပေါင်းညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း လေကြောင်းဆိုင်ရာများ ဗဟုသုတရရှိ စေရန် အလို့ငှာ ရည်ရွယ်၍ ရေးသားတင်ပြပါသည်။

====================

Saturday, July 14, 2018

ATR Cabin Crew Operation Manual

ATR Cabin Crew Operation Manual ကို တင်ပေးထားပါတယ်..
အောက်ပါလင့်မှာ download လုပ်နိုင်ပါပြီ
https://drive.google.com/file/d/12f9wgQ0i0hrcSa58krApvEMPVjmkUjlI/view?usp=sharing

# လေကြောင်း နှင့် နည်းပညာ

Friday, July 13, 2018

လေယာဉ်ပျက်ကျမှုနှင့် လျော်ကြေး

လေယာဉ်ပျက်ကျမှုနှင့် လျော်ကြေး
^^^^^^^^^^^^^^^^^^^^^

ဦးလှဖေနှင့် ယူ၊ ဘီ၊ အေ အဖွဲ့ 1951 B.L.R., P. 347

မြန်မာနိုင်ငံတွင် ၁၉၄၉ ခုနှစ် မတ်လအတွင်းက Union Of Burma Airways(UBA) ပိုင် “De Havilland Dove ဂျိုးဖြူလေယာဉ်ငယ်တစ်စင်း” သည် ရန်ကုန်မှ မော်လမြိုင်သို့ ခရီးသည်များ တင်ဆောင်ပြီး ပျံသန်းလာခဲ့ရာ မုတ္တမပင်လယ်ကွေ့တွင် ပျက်ကျခဲ့ပြီး ခရီးသည်များနှင့် လေယာဉ်မောင်းသူပါ အသက်ဆုံးရှုံးခဲ့သည်။
ခရီးသည်တစ်ဦးဖြစ်သူ ဒေါ်အေးကြည်၏ခင်ပွန်းက အသက်ဆုံးရှုံးခဲ့သူ ဒေါ်အေးကြည်အတွက် “လူကို သေစေသော မတော်တဆထိခိုက်မှု အက်ဥပဒေ (Fatal Accidents Act) အရ လျော်ကြေးငွေအဖြစ် ကျပ်ငွေ သုံးသောင်းကို ရလိုကြောင်းနှင့် Union Of Burma Airways(UBA) အပေါ်တွင် တရားစွဲဆိုခဲ့သည်။

တရားလို၏ အကြောင်းပြချက်များမှာ -
၁။ ပျက်ကျသော လေယာဉ်သည် “လူအများသုံး လေယာဉ်တစ်စင်း(Common Career)” ဖြစ်ကြောင်း၊
၂။ Union Of Burma Airways(UBA)  အဖွဲ့၏ ပေါ့လျော့ပျက်ကွက်မှုကြောင့် ဒေါ်အေးကြည် သေဆုံးခဲ့ရကြောင်း၊
၃။ ပျက်ကျသော လေယာဉ်သည် အသုံးမပြုထိုက်သော လေယာဉ်ဖြစ်ကြောင်း၊
၎။ “အသက်ကယ် ကိရိယာများ (Safety Appliances)” အသုံးပြုပုံပြုနည်းနှင့်ပတ်သက်၍လည်း လမ်းညွှန်ရန် ပျက်ကွက်ခဲ့ကြောင်း၊
၅။ ၀ိုင်ယာလက်အရာရှိအနေနှင့်လည်း လေယာဉ်ပေါ်မှ “အသက်ကယ်ရန်သတင်း(S.O.S = Save Our Soul Message)”ပေးပို့ရန် တစုံတရာ ဆောင်ရွက်မှုမပြုခဲ့ကြောင်း၊
၆။ လေယာဉ်မောင်းသူအနေနှင့်လည်း အရေးပေါ်လေယာဉ်ဆင်းသက်မှု (Forced Landing) မပြုခဲ့ကြောင်း၊
၇။ လေယာဉ်ပျက်သယ်ယူရေးနှင့်ပတ်သက်၍လည်း Union Of Burma Airways(UBA) က အဆောတလျင် မဆောင်ရွက်ခဲ့ကြောင်း
စသည်ဖြင့် တင်ပြသည်။

တရားပြိုင် Union Of Burma Airways(UBA) အဖွဲ့ကလည်း အောက်ပါအတိုင်း ပြန်လည်ခုခံချေပခဲ့ လေသည်။
၁။ မိမိတို့အဖွဲ့ပိုင် လေယာဉ်သည် အများနှင့်သက်ဆိုင်သော လေယာဉ်မဟုတ်ကြောင်း၊
၂။ မိမိတို့အဖွဲ့အနေနှင့်သော်လည်းကောင်း၊ လေယာဉ်မောင်းသူအနေနှင့်သော်လည်းကောင်း၊ ပျက်ကွက်ပေါ့လျော့မှု တစုံတရာမရှိကြောင်း၊ လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ ဖြစ်နိုင်သည်မှာ လေယာဉ်ဖြတ်၍ ပျံသန်းရာနေရာတ၀ိုက်မှာ သောင်းကျန်းသူများရှိသဖြင့် ၄င်းတို့က မြေပြင်မှနေ၍ ပစ်သဖြင့် လေယာဉ်မောင်းအား ထိမှန်ပြီး လေယာဉ်ပျက်ကျရခြင်း၊ သို့မဟုတ် ငှက်အတော်ကြီးကြီးဝင်တိုက်ပြီး လေယာဉ်ရှေ့မှန်ကာကွဲ၍ လေယာဉ်မှူးအား ထိခိုက်ဒဏ်ရာရစေသဖြင့် ပျက်ကျရခြင်း၊ သို့မဟုတ် လေယာဉ်ပေါ်တွင် လူဆိုးများ ခရီးသည်ဟန်ဆောင်၍ ပါလာပြီး လေယာဉ်မောင်းအား တိုက်ခိုက်သဖြင့် ပျက်ကျရခြင်း တခုခုဖြစ်နိုင်ကြောင်းနှင့် ခုခံချေပခဲ့လေသည်။

အမှုစစ်ဆေးသူ တရားဝန်ကြီး  ဦးဘိုကြီးက လေယာဉ်သည် (၁၈)မိနစ်အတွင်း ပျက်ကျခြင်းဖြစ်သဖြင့် အဘယ်ကြောင့် ပျက်ကျရသည်ကို မည်သူမျှ အတိအကျမပြောနိုင်ကြောင်း၊ ရုတ်တရက်ပျက်ကျရခြင်းဖြစ် သောကြောင့်လည်း ၀ိုင်ယာလက်အရာရှိအနေနှင့် အချိန်မရသဖြင့် အသက်ကယ်ရန် သတင်းပို့ခြင်း မပြုနိုင်ခြင်း ဖြစ်ဖွယ်ရာရှိကြောင်း၊ ထို့ကြောင့် Union Of Burma Airways(UBA) တရားပြိုင်အနေနှင့် ပေါ့လျော့မှု၊ ပျက်ကွက်မှု တစုံတရာရှိသည်ဟု ပြောရန်ခဲယဉ်းကြောင်း၊ ထို့ကြောင့် တရားပြိုင်၏ ပေါ့လျော့ပျက်ကွက်မှုကြောင့် တရားလို၏ ဇနီးသေဆုံးခဲ့ရသည်ဟု ရရှိထားသော သက်သေခံအထောက်အထားများအရ မှတ်ယူရန် ခဲယဉ်းကြောင်း၊ တရားလိုနှင့် တရားပြိုင်လုပ်ခဲ့သော သဘောတူညီမှုပဋိညာဉ်ဖြစ်သည့် လေယာဉ်ခရီးသည်လက်မှတ်၏ ကျောဘက်ပါ စည်းကမ်းချက်အမှတ် (၆) အရ လေယာဉ်ကုမဏီအနေနှင့် ခရီးသည်များ၏ အသက်နှင့်ကုန်ပစ္စည်းများအတွက် လုံးဝတာဝန်မယူကြောင်း အတည့်အလင်းဖော်ပြထားသဖြင့် တရားလိုသည် လူကိုသေစေသော မတော်တဆထိခိုက်မှုအက်ဥပဒေအရ တရားစွဲဆိုပိုင်ခွင့်၊ လျော်ကြေးရပိုင်ခွင့်မရှိကြောင်း …
----------------------------------------------------------------

ဂျိုးဇက်အော်လီ ပါ-၃ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံလေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ 1969 B.L.R., p.1

၁၉၅၆ ခုနှစ် သြဂုတ်လအတွင်း မြန်မာနိုင်ငံသယ်ယူပို့ဆောင်ရေးအဖွဲ့ပိုင် (XY-ADC) အမှတ်အသားပါသော ဒါကိုတာလေယာဉ်သည် ရှမ်းပြည်တောင်ပိုင်းတွင် တောင်နှင့်တိုက်ပြီး ပျက်ကျသွားခဲ့သည်။
ပြည်ထာင်စုမြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ၀ါဆောစာချုပ်တွင် သဘောတူပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်း မှန်သော်လည်း အင်္ဂလန်တွင်ပင် ယင်းစာချုပ်ပါ နည်းဥပဒေများကို လိုအပ်သလို ဖြည့်စွက်ပြင်ဆင်၍ လက်ခံခဲ့ ကြောင်း၊ မြန်မာနိုင်ငံအလိုမူ ၁၉၄၃ ခုနှစ်၊ မြန်မာပြည်လေကြောင်း အက်ဥပဒေပုဒ်မ ၄ အရ နိုင်ငံတော်သမ္မတက လိုအပ်သည့်ပြင်ဆင်ဖြည့်စွက်ချက်များနှင့် ကြေငြာပြဌာန်းချက်ထုတ်ဆင့်ရန် လိုအပ်ကြောင်း၊ ဥပဒေက သတ်မှတ်ထားသည့်အတိုင်း ယင်းသို့ မထုတ်ဆင့်ရသေးသောကြောင့် ထည့်သွင်း မစဉ်းစားနိုင်သဖြင့် လေယာဉ်လက်မှတ်ကျောဘက်ပါ စည်းကမ်းချက် (၆)အရသာလျှင် စဉ်းစားဆုံးဖြတ်ရမည် ဖြစ်ကြောင်း …

ဆရာ ကင်းဝန် (မုံရွာ)
(ဥပဒေဘွဲ့ရမောင်သာလွန်၊ စွယ်စုံဥပဒေနှင့် မူပိုင်ခွင့်ဆိုင်ရာဥပဒေမှ)
https://m.facebook.com/story.php?story_fbid=2118482095144781&id=1815968915396102

Friday, June 22, 2018

English For travelling aircraft

လေယာဉ်ပျံစီးဖို့ အင်္ဂလိပ်စာ

ပထမဦးဆုံး လေယာဉ်စီးမဲ့သူတွေ သိကိုသိထားသင့်တဲ့ လေယာဉ်ကွင်းမှာ တွေ့မြင် ကြုံတွေ့ကြရမဲ့ အခြေခံ အင်္ဂလိပ် စကားလုံးလေးတွေကို မှတ်ထားကြရအောင်။

1. airline (noun)
airline ဆိုတာ လေကြောင်း၊ ကိုယ်စီးမဲ့လေယဉ်ကိုပိုင်တဲ့ လေကြောင်းကုမ္ပဏီ။ ဥပမာ။ Singapore Airlines; British Airways; Myanmar Airways စသည်ဖြင့်။ ကုမ္ပဏီ နာမည်၊ လေကြောင်းနာမည်ကို ပြောရင် airline နဲ့ airway မှာ "s" ထည့်ထားတာကို သတိပြုပါ။

2. departures (noun)= ထွက်ခွာ
depart (verb) ဟာ ထွက်ခွါသည်။ departure (noun) ဟာ ထွက်ခွါခြင်း။ ခရီးစထွက်မဲ့သူတွေသွားရမဲ့ အပေါက်၊ လမ်းကြောင်း၊ ခန်းမ စသည်တို့ကို လေယာဉ်ကွင်းတွေမှာ Departures ဆိုတဲ့ sign အမှတ်အသားပြထားတယ်။ Departure Lounge ကတော့ လေယာဉ်စီးမဲ့သူတွေ ထိုင်စောင့်တဲ့ ခန်းမ။ Departure Lounge မှာ "s" မပါပေမဲ့ " ထွက်ခွါ"Departures sign မှာ "s" ပါရတယ်။

3. arrivals (noun)= ဆိုက်ရောက်
ကိုယ်က သူများကို လေယာဉ်ကွင်းမှာ သွားကြိုတာဆိုရင်တော့ Arrivals ဆိုတဲ့ sign အတိုင်းသာသွားရမှာ။ သွားပို့တာဆိုရင်တော့ Departures ဘက်ကိုသွားပေါ့။
မင်းကို ငါ ဆိုက်ရောက်ရာခန်းမမှာ တွေ့မယ်/လာကြိုမယ်...ဒီဝါကျကို အင်္ဂလိပ်လိုပြောရင်...
I will meet you in the arrivals lounge.
Departure Lounge မှာ departure မှာ "s" မပါဘူး။
Arrivals Lounge မှာ arrival မှာ "s" ပါတယ်။ အဘိဓာန်ထဲမှာ အဲဒီအတိုင်းပြထားတယ်။

4. Gate (noun)= ဂိတ်ပေါက်

5. Check in (verb)
        Check-in (noun)
လေယာဉ်မစီးခင် လေကြောင်းကောင်တာမှာ သက်ဆိုင်ရာဝန်ထမ်းကို ကိုယ့်ရဲ့ passport နဲ့ လေယဉ်လက်မှတ်ကိုပြ၊ ပြီးရင် ကိုယ်ယူသွားမဲ့ အထုပ်တွေကို အလေးချိန်ချိန်ရတယ် ။ အဲဒီလိုလုပ်ရတာကို check in လုပ်တယ် (verb) လို့ခေါ်ပြီး noun ကိုတော့ check-in ဆိုပြီး hyphen လေးထည့်ရေးရတယ်။  check-in လုပ်တဲ့နေရာကို check-in desk ၊ check-in လုပ်ရမဲ့အချိန်ကို check-in time စသည်ဖြင့်သုံးပါတယ်။

6. board (verb)= လေယာဉ်ပေါ်တက်သည်
to board a plane လို့ အတွဲလိုက်မှတ်ထားသင့်ပါတယ်။

7. boarding pass (noun)
check in လုပ်တဲ့အခါ ကိုယ့်ရဲ့ passport နဲ့ air-ticket ပေးလိုက်ပြီး luggage တွေ အိတ်တွေကို အလေးချိန်ချိန်ပြီးတဲ့အခါမှာ airline ဝန်ထမ်းက ကိုယ့်ကို လေယာဉ်ပေါ်တက်ရောက်ခွင့်လက်မှတ် boarding pass ပေးပါလိမ့်မယ်။ boarding pass ပေါ်မှာ လေယာဉ်ထွက်မဲ့ Gate ပေါက်နံပါတ်၊ boarding time လေယာဉ်ပေါ်စတက်ခွင့်ပေးမဲ့အချိန်နဲ့ seat number ကိုယ့်ရဲ့ ထိုင်ခုံနံပါတ်တို့ကို ဖော်ပြထားပါတယ်။

8. carry on (luggage) (noun)
ကိုယ်တွေကတော့ hand carry လို့ခေါ်ကြတယ်နော်။ အိတ်အကြီးတွေကိုတော့ check in လုပ်ရတယ်။ ရှစ်ကီလိုထက်မလေးတဲ့ လက်ကိုင်အိတ်တို့၊ backpack ကြောပိုးအိတ်တို့၊ laptop computer ထည့်ထားတဲ့ အိတ်တို့ကိုတော့ check in လုပ်စရာမလို၊ လူနဲ့တပါတည်းသယ်ဆောင်သွားလို့ရတာကို hand carry , hand luggage လို့သုံးကြပေမဲ့ တကယ်တမ်း native speaker တွေ အသုံးများတာက carry on တဲ့။ Carry on ဆိုတဲ့ တံဆိပ်နဲ့ ခရီးဆောင်အိတ်အသေးတွေပြုလုပ်ရောင်းချတဲ့ ကုမ္ပဏီလည်းရှိပါတယ်။

9. fragile (adjective)= ကွဲတတ်သော၊ နုသော
အိတ်တွေကို check in လုပ်ရင် အထဲမှာ ကွဲရှနိုင်တဲ့၊ နူးညံ့စွာကိုင်ရမဲ့ ပစ္စည်းပါရင် "fragile" sticker ကပ်ခိုင်းပါ။

10. oversized baggage = အရွယ်ကြီးလွန်းသောအိတ်
ဂေါက်ရိုက်တံတွေထည့်ထားတဲ့ အိတ်ကြီးတွေ စသည်ဖြင့် အလွန်ကြီးလွန်းတဲ့အိတ်တွေကို သီးခြား oversized baggage counter မှာ check in လုပ်ရပါတယ်။

11. overweight baggage= ခွင့်ပြုသည့်အလေးချိန်ထက် ပိုလေးနေသောအိတ်
များသောအားဖြင့် အိတ်တစ်လုံးကို ကီလို ၂၀ ထက်မကျော်စေရလို့ သတ်မှတ်ထားတတ်တယ်။

12. delayed (adjective)= လေယဉ်နောက်ကျသော

13. economy class= ဈေးသက်သာသောလက်မှတ်

14. business class= ဈေးပိုကြီးသော လက်မှတ်

15. first class= ဈေးအကြီးဆုံး ပထမတန်းလက်မှတ်

လူအများစုကတော့ ပုံမှန် economy class လက်မှတ်ပဲဝယ်စီးကြတာပေါ့။ ချမ်းသာသူတွေ၊ အစိုးရအရာရှိကြီးတွေကတော့ business သို့မဟုတ် first class ကနေစီးကြမှာပေါ့။ business/first class တွေက ဈေးကြီးတဲ့လက်မှတ်ဆိုတော့ကာ check in လုပ်ရင်လည်း သီးသန့်၊ လေယာဉ်ပေါ်ကိုလည်း အရင်ဆုံးတက်၊ အရင်ဆုံးဆင်း၊ လေယာဉ်ထဲမှာ ကျွေးမွေးဧည့်ခံပုံလည်းပိုသာပြီး leg room ခြေထောက်ချစရာနေရာပိုကျယ်ကာ ထိုင်ခုံတွေကလည်း ပိုကြီး ပိုကောင်း ပို comfortable ဖြစ်တာပေါ့လေ။
ဒါ့ကြောင့်လည်း သူငယ်ချင်းတစ်ချို့က
I always fly (in) business class. လို့ပြုံးပြုံးလေးပြောတတ်ကြတာပေါ့။

17. long-haul flight= ခရီးဝေး၊ တာဝေး၊ လေယာဉ်ခရီးရှည်
ရန်ကုန်မှ ဘန်ကောက်ကို တစ်နာရီကျော်လေး လေယာဉ်စီးရတာ short flight သို့မဟုတ် short-haul flight လေးပေါ့။ ဘန်ကောက်မှ လန်ဒန်သို့ တိုက်ရိုက် ဆယ်နာရီကျော်ကြာ မရပ်ဘဲပျံသန်းတာကိုတော့ long-haul flight လို့ခေါ်ပါတယ်။

18. stopover= layover
ကိုယ်တွေကတော့ transit လို့သုံးကြတာများတယ်။ လေယာဉ်ခရီးရှည်ကြီးမို့ မြို့ကြီးတစ်မြို့ရဲ့ လေယာဉ်ကွင်းမှာ ခရီးတစ်ထောက်နားတာကို stopover သို့မဟုတ် layover လို့အသုံးများတာမို့ သိအောင်မှတ်ထားသင့်ပါတယ်။

19. Customs (noun)= အကောက်ခွန်

20. Immigration (noun)= လူဝင်မှုကြီးကြပ်ရေး

21. conveyor belt/ carousel/ baggage claim
ကိုယ့်လေယာဉ် ခရီးဆုံးတော့ immigration ကိုဖြတ်ပြီးရင် ကိုယ့်ရဲ့ အိတ်တွေ luggage တွေကို ပြန်ရွေးရမယ်လေ။ အိတ်တွေဟာ moving conveyor belt ကြီးပေါ်မှာ လည်နေတာ။ ကိုယ့်အိတ်တွေကို ဘယ်မှာရွေးရမယ်ဆိုတာကို ကြေငြာတာကို နားလည်အောင် ဒီအပေါ်က စကားလုံးသုံးလုံးကို သိထားရမယ်။ တချို့လေယာဉ်ကွင်းတော့မှာတော့ Belt လို့ပဲ အတိုသုံးကြတယ်။ ဥပမာ...
Passengers may collect their baggage at Belt number 4. လို့ပြောလေ့ရှိတယ်။

ကဲ...ဒီလို မသိမဖြစ် အခြေခံစကားလုံးလေးတွေကို သိပြီးရင် Speaking အပိုင်းမှာလည်း လေယာဉ်ကွင်းမှာ ခရီးသွားတစ်ဦးအနေဖြင့် ကြားရလေ့ရှိတဲ့ဝါကျလေးတွေကို နားလည်နိုင်အောင်လေ့လာထားသင့်သလို ကိုယ်ကလည်း အသုံးဝင်တဲ့ ဝါကျလေးတွေကို မှန်ကန်စွာပြန်ပြောနိုင်အောင်လည်း လေ့လာ လေ့ကျင့်ထားသင့်တာပေါ့။ ကိုယ့်အားကိုယ်ကိုးပြီး အင်္ဂလိပ်လို လေယာဉ်ကွင်းမှာ စကားပြောနိုင်အောင်လို့ အနည်းဆုံး အောက်မှာပေးထားတဲ့ ဝါကျလေးတွေကိုတော့ သိထားသင့်ပါတယ်။ ဗမာလိုလည်း ဘာသာပြန်ပေးထားတယ်။

1. Excuse me, where is the MAI check-in desk?
တဆိတ်လောက်ကူညီပါ။ မြန်မာ့လေကြောင်း MAI ရဲ့ check-in ဘယ်နေရာမှာပါလဲ။

2. May I see your tickets and passport?
သင့်ရဲ့ လေယာဉ်လက်မှတ်နဲ့ နိုင်ငံကူးလက်မှတ်ပြပါ။

3. Is anybody travelling with you today?
သင်တစ်ယောက်တည်းသွားမှာလား၊ ဘယ်သူပါသေးလဲ။

4. Where are you flying today?
ဘယ်ကိုသွားမှာပါလဲ။
ဒီမေးခွန်းကို နောက်ပုံစံတစ်မျိုးပြောင်းမေးနိုင်တာကို ကြည့်ပါ။
What is your final destination?
ဘယ်ကိုသွားမှာလဲ။ ဘယ်အထိသွားမှာလဲ။

5. How many pieces of luggage are you checking in?
သင် အိတ်ဘယ်နှလုံး check in လုပ်မှာလဲ။
ခရီးဆောင်အိတ်တွေကို check in လုပ်တာကို check လို့ တစ်လုံးတည်းပဲ in မထည့်ပဲလည်း သုံးတတ်ကြတယ်။
Are you checking this bag? လိုမျိုးပေါ့။

ဒီမေးခွန်းနံပါတ် ၅ မှာ pieces of luggage လို့သုံးထားတာ သတိပြုပါ။ luggage ဝန်စည်စလယ်၊ အထုပ်အပိုးဟာ အင်္ဂလိပ်သဒ္ဒါမှာ uncountable noun ဖြစ်တယ်။ two bags လို့ပြောလို့ရပေမဲ့ two luggages လို့သုံးလို့မရဘူး။ two pieces of luggage လို့သာ သုံးရပါတယ်။ baggage လည်း အလားတူပါပဲ။

6. Do you have a carry on?
လက်မှဆွဲသွားမဲ့ အိတ်ပါသေးလား။

carry on= hand luggage

7. How many carry on bags are you taking with you?
လက်မှဆွဲသွားမဲ့ အိတ် ဘယ်နှလုံးယူသွားမှာလဲ။

8. Can you place your bag up here?
သင့်ရဲ့ အိတ်ကို ဒီပေါ်မှာတင်လိုက်ပါ။
(အလေးချိန် ချိန်ရန် အိတ်ကို ချိန်ခွင်ခါးပတ်ပြားကြီးပေါ်သို့တင်ပေးရန်)
ဒီမေးခွန်းကိုပဲ နောက်တစ်မျိုးပြောနိုင်ပုံကိုထပ်ကြည့်ပါ။

Please place your bag on the scale.
သင့်ရဲ့ အိတ်ကို ချိန်ခွင်ပေါ်တင်ပေးပါ။

9. I am sorry, but your carry on is too heavy. You will have to check it.
သင့်ရဲ့ လက်ဆွဲအိတ်က အရမ်းလေးနေလို့ check in လုပ်မှရမယ်။

10. Please mark this bag as "fragile".
ဒီအိတ်ကို "ညင်သာစွာကိုင်ပါ" လို့ စာကပ်ပေးပါ။

11. What is inside this bag?
ဒီအိတ်ထဲမှာ ဘာထည့်ထားတာလဲ၊ အထဲမှာ ဘာပါလဲ။

12. I am sorry, Sir, but your bag is overweight.
သင့်ရဲ့ အိတ်ဟာ ခွင့်ပြုထားတာထက် ပိုလေးနေပါတယ်။

13. By how many kilos?
ဘယ်နှကီလို ပိုလေးနေလို့လဲ။

14. One minute, let me just take a few things out.
ခဏလေးနော်။ ကျွန်တော် (ဒီအိတ်ထဲမှ) ပစ္စည်းတချို့ ပြန်ထုတ်ပါရစေ။

15. How much is the overweight baggage fee?
ခွင့်ပြုတာထက် အလေးချိန်ပိုနေရင် ပိုက်ဆံဘယ်လောက်နှုန်းထပ်ပေးရပါသလဲ။

16. Do you prefer a window seat or an aisle seat?
ပြတင်းပေါက်နားကခုံကြိုက်လား၊ မင်းလမ်း ဘေးကခုံကိုကြိုက်လား။
(aisle ကို "အိုင်း" လို့ပဲ အသံထွက်တယ်။ S သံမပါဘူး။ silent "s" ပါ။)
ဒီမေးခွန်းကိုပဲ အတိုမေးတတ်တာ...
Do you prefer window or aisle? အတူတူပါပဲ။

17. I don't want a middle seat.
အလယ်ခုံ မလိုချင်ဘူး။

18. Here is your boarding pass.
ဒီမှာ သင့်ရဲ့ လေယာဉ်ပေါ်တက်ခွင့် လက်မှတ်ပါ။

19. This is your boarding pass. You will be boarding at Gate 2A at 9:30.
ဒီမှာ သင့်ရဲ့ လေယာဉ်ပေါ် တက်ခွင့်ကတ်ပြား။ ဂိတ်နံပါတ် 2A မှာ ၉ နာရီခွဲမှာ လေယာဉ်ပေါ်တက်ရပါမယ်။

20. Your flight leaves from Gate 2A and it will begin boarding at 10:30. Your seat number is 9B.
သင်စီးမဲ့ လေယာဉ်ဟာ ဂိတ်နံပါတ် 2A မှထွက်မှာဖြစ်ပြီး လေယာဉ်ပေါ်ကို ဆယ်နာရီခွဲမှာ တက်ရမယ်။ သင့်ရဲ့ ခုံနံပါတ်က 9B ပါ။

21. They will start boarding 20 minutes before the departure time.
လေယာဉ်မထွက်မီ မီနစ် ၂၀ မတိုင်မီမှာ ခရီးသည်တွေကို လေယာဉ်ပေါ်တက်ခိုင်းပါလိမ့်မယ်။

22. What is the gate number?
ဂိတ်နံပါတ် ဘယ်လောက်ပါလဲ။

23. MAI flight number 8M331 to Bangkok is now boarding.
ဘန်ကောက်မြို့သို့ထွက်ခွာမည့်
မြန်မာလေကြောင်း လေယာဉ်ခရီးစဉ်အမှတ် 8M331 ပေါ်သို့ ခရီးသည်များ စတင်တက်ရောက်ရန် ဖိတ်ခေါ်ပါတယ်။

24. Please have your boarding pass and passport ready for boarding.
လေယာဉ်ပေါ်သို့တက်ရန် သင်၏ boarding pass နှင့် passport ကို အဆင်သင့်ကိုင်ဆောင်ထားပါ။

25. We would like to invite our first- and business-class passengers to board.
ပထမတန်းနှင့် အထူးတန်း ခရီးသည်များ လေယာဉ်ပေါ်သို့တက်ရန် ဖိတ်ကြားအပ်ပါတယ်။

26. We are now inviting passengers with small children and any passengers requiring special assistance to begin boarding.
ကလေးသူငယ်များပါသည့်ခရီးသည်များနှင့် ကျန်းမာရေးအရအထူးဂရုပြုရမည့် ခရီးသည်များအား လေယာဉ်ပေါ်သို့ (ဦးစားပေး) တက်ရန် ဖိတ်ကြားပါတယ်။

27. We would now like to invite all passengers to board.
ခရီးသည်များအားလုံး လေယာဉ်ပေါ်သို့ တက်နိုင်ကြပါပြီ။

28. This is the final boarding call for MAI flight 8M331 bound for Yangon.
ရန်ကုန်သို့ထွက်ခွာမည့် MAI flight 8M331 ထွက်ခွာချိန်အလွန်နီးကပ်နေပြီဖြစ်၍ လေယာဉ်ပေါ်သို့ (မရောက်သေးသူ၊ နောက်ကျနေသူ) အမြန်ဆုံးတက်ပါရန် နောက်ဆုံးအကြိမ် တိုက်တွန်းအပ်ပါတယ်။
flight 8M331 bound for Yangon လို့သုံးမဲ့အစား flight 8M331 to Yangon လို့လည်း လွယ်လွယ်ပြောတတ်ကြတယ်။

29. All passengers arriving from Singapore can pick up their luggage from Belt number 4.
စင်္ကာပူမှ ရောက်ရှိလာသော ခရီးသည်များ မိမိတို့၏ အထုပ်များကို ခါးပတ်နံပါတ် ၄ တွင် ရွေးယူပါ။

30. Ladies and gentlemen, this is an announcement that flight number 8M331 has been delayed. Your new departure time is 10:30.
လူကြီးမင်းများရှင့်၊ လေယာဉ်ခရီးစဉ်အမှတ် 8M331 ဟာ ထွက်ခွာချိန်နောက်ကျမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ လေယာဉ်ထွက်ခွာချိန်ကို ဆယ်နာရီခွဲ သို့ပြောင်းရွှေ့လိုက်ပါတယ်။
နောက်ဆုံးဝါကျလေးကတော့ flight delay ကိုကြေငြာပုံလေး နမူနာပါသွားအောင်ရေးလိုက်တာပါ။ ကိုယ် MAI ကိုစီးလာတာ အနှစ် ၂၀ ကျော်ပြီ။ delay ဖြစ်တာရှားပါတယ်။
ကဲ...ဒီလို အခြေခံလေးတွေသိထားပြီ၊ ပြောတတ်ပြီဆိုရင် လေယာဉ်စီးဖို့ အဆင်သင့်ဖြစ်လောက်ပြီမို့လို့ ပြင်သစ်စကားလေးနဲ့ ဒီဆောင်းပါးကို အဆုံးသတ်လိုက်ပါရစေ။

Bon voyage. (ဘွန် ဗွယျာ့ခ်ျ) လို့အသံထွက်တယ်။
Bon voyage ဆိုတာ I hope you have a safe and enjoyable journey. လို့ ခရီးထွက်မဲ့သူကို ဆုတောင်းပေးတာပါ။
Good luck and bon voyage!

With love,
Dr.Soe Than
June 19, 2018

Wednesday, June 13, 2018

Black Box

" Black box "

တိုက်ရိုက်ဘာသာပြန်ရင်တော့ အနက်ရောင်သေတ္တာပေါ့ ..
ဒါပေမဲ့လေယာဉ်ပျံ မတော်တဆဖြစ်လို့ရှိရင် ရှာရမယ်လို့ ကျွန်တော်တို့ရေးရေးနေတဲ့ Black box ဆိုတာကတော့ဒီအောက်ကပုံပါပဲ .. အနက်ရောင်သေတ္တာလို့ထင်နေမှာစိုးလို့ 😊
လေယာဉ်အမြီးပိုင်းမှာရှိတဲ့အဲဒီထဲမှာ
CVR ဆိုတဲ့ Cockpit Voice Recorder (လေယာဉ်မောင်းခန်းထဲမှ တစ်ဦးနဲ့တစ်ဦးစကားပြောဆက်သွယ်တဲ့အသံတွေ) နဲ့
DFDR လို့ခေါ်တဲ့ Digital Flight Data Recorder ဆိုတာပါပါတယ်..

"these 'black' boxes are actually painted with a heat-resistant bright orange colour in order to make them easier to find in the wreckage resulting from the crash"

လိမ္မော်ရောင်တောက်တောက်သုံးထားတာက လေယာဉ်အပျက်အစီးတွေကြားမှာလွယ်လွယ် ရှာတွေ့နိုင်အောင်ဖြစ်ပါတယ်...

Tun Tun Win
13.617

Photo Crd; Captain Thein Zaw

https://m.facebook.com/story.php?story_fbid=10212983933895186&id=1296815353