Wednesday, June 14, 2017

Sonar

Sonar စနစ် ဆိုတာ

စနစ်ရဲ့ အရှည်ကောက်ကတော့ Sound Navigation and Ranging ဖြစ်ပါတယ်။ အသံလှိုင်းကို သုံးပြီး မြေပုံစနစ် ဆိုင်ရာ နည်းစနစ်တွေနဲ့ အကွာအဝေးကို တိုင်းတာပြီး တည်နေရာ သတ်မှတ်တဲ့ နည်းပညာ ဖြစ်ပါတယ်။ များသောအားဖြင့်တော့ လူ မရောက်နိုင်တဲ့ နေရာတွေ အတွက် မြေပုံနဲ့ တည်နေရာ အတည်ပြုဖို့ သုံးပါတယ်။ အများဆုံးကတော့ ရေအောက် တည်နေရာတွေ တိုင်းတာ ရှာဖွေဖို့ အတွက်ပါ။ ယေဘုယျ အနေနဲ့တော့ Sonar တပ်ဆင်ထားတဲ့ သင်္ဘောက အခြား ရေအောက်က ရေငုပ်သင်္ဘောနဲ့ ရေမြှုပ်မိုင်းလို အရာတွေကို ခြေရာခံပြီး တည်နေရာ အတည်ပြု စောင့်ကြည့်တာ ဖြစ်ပါတယ်။

Sonar စနစ် ၂ မျိုး ရှိပါတယ်။ Passive Sonar ကတော့ အခြား ယာဉ်တွေကနေ ထုတ်လွှတ်လာတဲ့ အသံလှိုင်းတွေကို ဖမ်းယူပြီး တည်နေရာ အတည်ပြုတဲ့ စနစ် ဖြစ်ပြီး Active Sonar ကတော့ မိမိကနေ အသံ ထုတ်လွှတ်တယ်၊ ပြီးမှာ အခြား အရာဝတ္ထုပေါ်ကို ရိုက်ခတ်ပြီး ပြန်လာတဲ့ အသံလှိုင်းကို ပြန်လည် ဖမ်းယူကာ တည်နေရာ သတ်မှတ်တဲ့ ပုံစံပါ။

အခု Y-8 ရှာဖွေမှုမှာ ဆိုရင် Active Sonar စနစ်ကို သုံးနေတယ်လို့ ယူဆရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Y-8 အနေနဲ့ အသံလှိုင်း ထုတ်လွှတ်လာဖို့ မရှိတော့တာကြောင့် ဖြစ်ပါတယ်။

ဒီနေရာမှာ မှတ်သားစရာ တခုကို ပြောချင်တာက အသံကို သုံးပြီး တည်နေရာ သတ်မှတ်မှုမှာ အများစုက ရေအောက်မှာ Sonar ကို သုံးပြီး ရေပေါ် (လေထု) မှာ Radar ကို သုံးတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Sonar ကို လေထုမှာလည်း သုံးတာ တွေ့ရပါတယ်။ လေထုဆိုင်ရာ စမ်းသပ်ချက်တွေ အတွက်ပါ။ စစ်ဘက် ရေးရာ အသုံးမှာ Sonar ကို လေထု အတွင်း သုံးတာ မတွေ့ရပါဘူး။ Sonar စနစ်ကနေ ရေအောက်က အသံလှိုင်းကို ဖမ်းယူရာမှာ အရမ်းနိမ့်တဲ့ အသံလှိုင်း (infrasonic) ကနေ အလွန်မြင့်မားတဲ့ ရေအောက် အသံလှိုင်း (ultrasonic) ထိအောင် ဖမ်းယူပြီး အသံထွက်ရာ တည်နေရာကို အတည်ပြုနိုင်တာ တွေ့ရပါတယ်။ ပျမ်းမျှ Sonar စနစ်တွေကတော့ သိရသလောက် ရေနက် မီတာ ၁၀၀၀ ကနေ ၂၀၀၀ အတွင်းရှိ တည်နေရာကို အတည်ပြု ရှာဖွေနိုင်တာ တွေ့ရပါတယ်။

Active Sonar

Active Sonar စနစ် အကြောင်း နည်းနည်း ဆက်ပြောပါမယ်။ ဒီစနစ်မှာ အသံလွှင့်စနစ် Transmitter ရော အသံဖမ်းစနစ် Receiver ပါ ပါရှိပါတယ်။ စနစ် နှစ်ခုလုံးကို တနေရာတည်းမှာ စုစည်း တပ်ဆင်ထားတာပါ။ လျှပ်စစ်အား ကနေ ရယူ ထုတ်လုပ်တဲ့ Ping လို့ ခေါ်တဲ့ အသံလှိုင်းတွေကို ထုတ်လွှတ်ပါတယ်။ အဆိုပါ အသံလှိုင်းတွေကနေ အနီးနားမှာ ရှိတဲ့ အရာဝတ္ထုကို ရိုက်ခတ်ပြီး ပြန်လာတဲ့ ပဲ့တင်သံကို Receiver ကနေ ပြန်လည် ဖမ်းယူပြီး အဆိုပါ ပဲ့တင်သံ အပေါ်ကို မူတည်ကာ တည်နေရာကို အတည်ပြု ပေးတာ ဖြစ်ပါတယ်။

Sonar စနစ်ကို ဗဟိုထားပြီး စက်ဝန်းပုံစံ အဝန်းအတွင်းရှိ အရာဝတ္ထု တည်နေရာတွေကို သိနိုင်ပါတယ်။ ဒီနေရာမှာ Transmitter ကနေ အသံလှိုင်း ကြီးကြီး ထုတ်ပေးနိုင်လေလေ ပဲ့တင်သံ များများ ပြန်လာနိုင်လေလေ ဖြစ်ပြီး အဝန်းကြီးကြီး အတွင်းက အရာဝတ္ထုတွေကို တည်နေရာ ရှာနိုင်လေလေ ဖြစ်ပါတယ်။

ဒါပေမယ့် အသံလှိုင်းကြောင့် ရေအောက်မှာ ရှိတဲ့ ငါး၊ ပုဇွန်နဲ့ ရေနေသတ္တဝါတွေရဲ့ ရွေ့လျားသွားလာမှု၊ မွေးဖွားကြီးပြင်းမှု၊ အစာရှာဖွေ စားသောက်မှုတွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ၂၀၁၂ ခုနှစ် အမေရိကန်ရေတပ်က စမ်းသပ်မှုကြောင့် ရေနေသတ္တဝါတွေအပေါ် အကျိုးသက်ရောက်မှုတွေ ဖြစ်ခဲ့ကြောင်း အမျိုးသား သဘာဝအရင်းအမြစ်များ ကာကွယ်ရေး ကောင်စီ National Resources Defense Council (NRDC) က ဖော်ပြဖူးပါတယ်။

Sonar ကို ဘယ်လို တပ်ဆင်သုံးနိုင်သလဲ

ဒီစနစ်ကို အများစု သုံးတာက စစ်ဘက်ဆိုင်ရာတွေမှာ ပါ။ စစ်သင်္ဘောတွေမှာ အခြား ရေပေါ်၊ ရေအောက် သင်္ဘောတွေရဲ့ တည်နေရာကို သိဖို့ သုံးပါတယ်၊ ခေတ်သစ် တော်ပီဒိုလို ဖျက်ဗုံးတွေမှာ Sonar စနစ် ထည့်လာပါတယ်၊ ဒါကြောင့် ပိုမို တိကျတဲ့ ပစ်မှတ်ကို ရှာဖွေ ပစ်ခတ်လာနိုင်ပါတယ်၊ မိုင်းတွေမှာလည်း Sonar စနစ် သုံးလာကြပြီး ချိန်ကိုက်မိုင်းတွေမှာ ထည့်သွင်းမှု များပါတယ်။

သင်္ဘောတွေရဲ့ မြေပုံပြစနစ်မှာ Sonar စနစ်ကို ထည့်သွင်းလာပြီး အခြေစိုက် စခန်း ကနေ သတင်း ရယူနိုင်မှု မရှိသည့် တိုင်အောင် မိမိရဲ့ တည်နေရာရော အခြား ယာဉ်နဲ့ နီးစပ်မှု တည်နေရာပါ သိနိုင်လာပါတယ်။ ရဟတ်ယာဉ်တွေမှာလည်း Sonar စနစ်ကို ထည့်သွင်းလာကြပါတယ်။ ရေငုပ်သင်္ဘောတွေရဲ့ ဆက်သွယ်ရေးနဲ့ မြေပုံစနစ်မှာလည်း Sonar ကို ထည့်သွင်းတာ တွေ့ရပါတယ်။

Sonar စနစ် မြန်မာ့ရေတပ် ရောက်ရှိလာပုံ

၂၀၁၅ ခုနှစ် ဧပြီ ၃၀ရက် ရက်စွဲနဲ့ AMDR ရဲ့ ဖော်ပြချက် အရ အိန္ဒိယ ရေတပ်အတွက် ဖန်တီးထားတဲ့ Sonar စနစ်ကို မြန်မာ့ ရေတပ်မှာလည်း သုံးနိုင်အောင် ပေးခဲ့တယ်လို့ သိရပါတယ်။ ဒီစနစ်ကို အိန္ဒိယ အခြေစိုက် Defense Research and Development Organisation (DRDO) ကနေ အိန္ဒိယ ရေတပ်မှာ သုံးဖို့ ဖန်တီးခဲ့တာပါ။ အိန္ဒိယ အခြေစိုက် Bharat Electronics Limited (BEL) ဖြစ်ပြီး မြန်မာ့ရေတပ်မှာ သုံးဖို့ တင်ပို့ခဲ့တာပါ။

TKM news

Sunday, June 4, 2017

လေထုနှင့်လေကြောင်းပညာ

လေထု နှင့် လေကြောင်းပညာ
================
( ဒုတိယ အကြိမ် ပြန်လည်ဖော်ပြခြင်း)

✴    လေယာဉ်ပျံသည် လေထဲတွင်သွားသောယာဉ်ဖြစ်
၏။ လေကိုအမှီပြု၍ ပျံသန်းနိုင်ခြင်းဖြစ်၏။ လေမရှိ
လျှင် လေယာဉ်ပျံဟူ၍ ပေါ်ပေါက် မလာနိုင် ။သို့သော်
လူတို့သည် လေကြောင်းစီးပွားလုပ်ငန်းနယ်ပယ်ကြီး
( Aviation Industry ) ၏ အခြေခံအကျဆုံးမှာ ' လေ '
ဖြစ်ကြောင်းကို မေ့လျော့ထားတတ်ကြသည်။ လေယာဉ်မပေါ်မီက ရှေးဦးတီထွင်သူတို့သည် လေကို
လေ့လာစူးစမ်းကြသည်။

✴     လေသည် ကမ္ဘာမြေကြီးကို ဝန်းရံပတ်ထားသော
ဓာတ်ငွေ့ ရောဖြစ်သည်။ လေထု ( atmosphere ) ဟု
လည်းခေါ်ကြသည်။ လေဟုခေါ်သော ဓာတ်ငွေ့ရော
သည် ကမ္ဘာ့မျက်နှာပြင်မှသည် အာကာသအထိ ပျံနှံနေ
သည်။ ကမ္ဘာ ပတ်လည်တွင် လေထုတည်တံ့နေအောင်
ကမ္ဘာ့ဆွဲအားက ဆွဲငင်ထားသည်။ လေတွင်ပါဝင်သော
ဓာတ်ငွေ့များသည် လွတ်လပ်စွာရွေ့လျား ရောပြွမ်းနေ
ကြသည်။ ဓာတ်ငွေ့ မော်လီကျူးများသည် လေထုကို
ဖြတိသန်းသွားသော နေရောင်ခြည် နှင့် ထိတွေ့ရိုက်
ခတ်မိသောအခါတွင် အရောင်မျိုးစုံဖြာထွက်သည် ။
အပြာရောင်သည် အခြားအရောင်များထက် ပိုမိုအား
ကောင်းသဖြင့် မိုးကောင်းကင်သည် ပြာနှမ်းနေရခြင်း
ဖြစ်၏။

✴     လေထဲတွင် အချိုးအစားအများဆုံး ပါဝင်သော
အဓိကဓာတ်ငွေ့နှစ်မျိုးမှာ နိုက်ထရိုဂျင် နှင့်
အောက်စီဂျင် ဖြစ်၏။ နိုက်ထရိုဂျင် က ၇၈% နှင့်
အောက်စီဂျင် ၂၁% ပါဝင်သည်။ ကျန် ၁% တွင်
အာဂွန်က အများဆုံး ဖြစ်ပြီး ရေငွေ့ ၊ ကာဗွန်ဒိုင်
အောက်ဆိုက် ၊ နီယွန် ၊ ဟီလီယမ် ၊ ခရစ်တွန် ၊
ဟိုက်ဒရိုဂျင် ၊ ဇီနွန် နှင့် အိုဇုန်းဓာတ်ငွေ့ တို့က
အနည်းငယ်စီ ပါဝင်ကြသည် ။

✴      လေထဲတွင် ရေငွေ့ပါဝင်ကြောင်း အထက်တွင်
ဆိုခဲ့၏။ ဤရေငွေ့ ( Water vapour )သည် မျက်စိဖြင့်
မမြင်နိုင်သော ဓာတ်ငွေ့ အသွင်ဖြင့်ပါဝင်နေခြင်းဖြစ်သု။
မြစ် ၊ ချောင်း ၊ အင်းအိုင် ၊ ပင်လယ် ၊ သမုဒ္ဒရာ တို့မှ
ရေများအငွေ့ပြန်ကာ လေထုထဲရောက်ရှိရောနှောသွား
သောရေငွေ့ကို ရေငွေ့စို ( moisture )ဟုခေါ်သည် ။
တစ်ဖန် လေထုထဲတွင် ရှိနေသော ရေငွေ့စို ပမာဏ ကို
စိုထိုင်းဆ ( humidity )ဟုခေါ်သည် ။ လေထု၏ စိုထိုင်းဆသည် လေထု၏ အပူချိန် ၊ လေထုတည်ရှိ
သောနေရာနှင့် ရာသီဥတု အပေါ်တွင်တည်မှီ၍
အနည်းအများ ကွာခြားသည် ။

✴      လေသည် အလွန့်အလွန် အေးမြလာပါက
လေထုတွင်ပါဝင်သောရေငွေ့သည် အလွန်သေးငယ်
သော ရေမှုန်ရေမွှား ( water droplets )  သို့မဟုတ်
ရေမှုန်ခဲ ( ice crystals ) အဖြစ် ပြောင်းလဲသွားပြန်သု။
ယင်းကို အခဲဖြစ်စဉ် ( condensation )ဟု ခေါ်သည်။
ဤဖြစ်စဉ် ပေါ်ပေါက်စေသော အပူချိန်ကို ရေခဲမှတ်
( dew point ) ဟု ခေါ်သည်။ လေထု နှင့် ဆက်စပ်
နေသော အနှီရူပဗေဒဆိုင်ရာ အကြောင်းအချက်နှင့်
ဝေါဟာရ တို့သည် လေကြောင်းပျံသန်းမှုတွင် မိုးလေဝသ ( Meteorology )ဘာာသာရပ် အဖြစ် အကျုံးဝင်လာသည် ။

လေ၏ဂုဏ်သတ္တိများ
***************

✴      လေယာဉ် တည်ဆောက်ရာတွင် လေ၏ဂုဏ်သတ္တိကိုမှီပြီး ပုံစံ ရေးဆွဲကြရသည် ။

✴     ပထမဂုဏ်သတ္တိမှာ ' အလေးချိန်ဖိအားရှိခြင်း '
ဖြစ်၏။ လေသည် အစိုင်အခဲနှင့် အရည်တို့ထက်
များစွာ ပေါ့ပါးသောကြောင့် သူ့တွင် အလေးချိန်ရှိသည်
ကို သတိမပြုမိကြချေ။ လေတွင် အလေးချိန်ရှိပုံကို
ရိုးစင်းလွယ်ကူသော နည်းဖြင်ပြသနိုင်သည် ။
ပုလင်းတစ်ပုလင်းထဲမှ လေကို လေစုပ်စက်ဖြင့် စုပ်ယူ
ကာ အဖုံးကိုလုံအောင်ပိတ်ပြီး အလေးချိန်ချိန်ပါ ။
ထို့နောက် အဖုံးဖွင့်၍ လေပြန်ဝင်စေပြီး ထပ်မံချိန်ပါ ။
ပထမ အလေးချိန်ထက် တိုးလာသည် ။
ခြားနားသော အလေးချိန်မှာ လေ၏ အလေးချိန်ဖြစ်၏။

✴     တစ်ဖန် လေတွင်ဖိအားရှိပြန်သည် ။
ဖိအားရှိခြင်းမှာ အလေးချိန်ကြောင့် ဖြစ်သည် ။
ဖိအားရှိကြောင်းကိုလည်း လွယ်ကူစွာစမ်းသပ်ပြနိုင်သု။
ဖျော်ရည်ခွက်ထဲကို စက္ကူ  ကျူရိုးတံ စိုက်ထည့်ထား
လျှင် ဖျော်ရည်မျက်နှာပြင်သည် နဂိုအတိုင်းပင်ရှိနေ၏။
ကျူရိုးတံ ကို ပါးစပ်ဖြင့်စုပ်သော် ဖျော်ရည်သည် ကျူရိုး
တံ အတိုင်းတက်လာ၏။ သာမန်အားဖြင့် ဖျော်ရည်ကို
စုပ်ယူသည်ဟု ထင်မှတ်ကြ၏ ။ အမှန်တကယ် မှာ
ကျူရိုးတံ ထဲရှိ လေကို စုပ်ယူလိုက်ခြင်းဖြစ်သည် ။

✴     ထို့ကြောင့် ကျူရိုးတံ ထဲတွင် လေဟာနယ်ဖြစ်
သွား၍ လေဖိအားကျသွားသည်။ ထိုအခါ ကျူရိုးတံ
အပြင်ဘက်ဖျော်ရည် မျက်နှာပြင် ပေါ်ဖိနေသော လေဖိ
အားက များသွားသည်။ ဖိအားများသောလေကဖိလိုက်
သဖြင့် ဖိအားနည်းသော ကျူရိုးတံ တလျှောက် ဖျော်ရည် တက်လိုက်လာခြင်းဖြစ်သည် ။ လေကိုစုပ်
မယူမိက ကျူရိုးတံ ထဲရှိ လေဖိအားနှင့် ဖျော်ရည်ခွက်
ထဲရှိ လေဖိအားတို့ ညီမျှနေသဖြင့် ဖျော်ရည်မျက်နှာပြင်
သည် တစ်ညီတည်းရှိ နေခြင်းဖြစ်သည် ။
လေတွင်ဖိအားမရှိလျှင် အတောင်ပံက ပင့်အားရယူ
မပေးနိုင်လောက်အောင်ပင် တစ်နည်းအားဖြင့်
လေယာဉ်ပျံဟူ၍ ဖြစ်မလာနိုင်လောက်အောင်ပင်
အရေးပါလှပေသည် ။

✴      သိပ္ပံပညာတွင် လေဖိအားကို ပြောဆိုရာ တွင်
ပင်လယ်ရေမျက်နှာပြင် ( sea level ) ကို ကမ္ဘာ့မျက်နှာ
ပြင် အဖြစ်စံထား တိုင်းထွာ ကြသည် ။
ပင်လယ်ရေမျက်နှာပြင်ရှိ လေတစ်ကုဗပေ
( ၀ ဒသမ ၀၃ ကုဗမီတာ ) ၏ အလေးချိန်မှာ 1¼အောင်စ ( ၃၅ ဂရမ် )မျှသာ ရှိသော်လည်း ကမ္ဘာ
ပတ်လည်ရှိ လေထုကြီး တစ်ခုလုံး၏ အလေးချိန်မှာ
၅,၇၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ ရှော့တန်
( ၅၂၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ မက်ထရစ်တန် )
မက ရှိပေသည် ။ လေထု၏ အပေါ်ဆုံး အလွှာမှသည်
အောက်ဘက်ရှိ အလွှာအသီးသီးပေါ်သို့ ဖိထားသော
လေ၏ အလေးချိန်ကြောင့် လေဖိအား ( air pressure)
တစ်နည်းအားဖြင့် လေထုဖိအား ( atmospheric px )
ဟူ၍ ဖြစ်လာသည် ။

✴      လေဖိအား ကို ဘာရော်မီတာ ဖြင့် တိုင်းသည် ။
အတိုင်းအထွာ ယူနစ် နှစ်မျိုး ရှိသည် ။ ပြဒါးအမှတ် ၏
လက်မ ၊ သို့မဟုတ်​ မီလီမီတာ
( inches or millimeters of mercury ) ဖြင့် တစ်မျိုး
တိုင်းသည်။ နောက်တစ်မျိုးမှာ ဘား ( bars )
သို့မဟုတ်​ မီလီဘား ( millibars ) ဖြစ်သည် ။

✴      ဘာရိုမီတာတွင် ပင်လယ်ရေမျက်နှာပြင်၏
ပျှမ်းပြလေထုဖိအားကို ပြဒါး၏ ၂၉ ဒသမ ၉၂ လက်မ
သို့မဟုတ်​ ပြဒါး၏ ၇၆၀ မီလီမီတာ ဟု လည်းကောင်း
၁၀၁၃ မီလီဘား ဟုလည်းကောင်းဖော်ပြသည် ။

✴     ထို့ကြောင့် လေယာဉ်ပျံ၏ အမြင့်ပြမီတာတွင်
၂၉ ဒသမ ၉၂ လက်မ ၊ သို့မဟုတ်​ ၇၆၀ မီလီမီတာ
သို့မဟုတ်​ ၁၀၁၃ မီလီဘား ကို ထည့်သွင်းလိုက်ပါက
ညွှန်တံပြသော အမြင့်မှာ ပင်လယ်ရေမျက်နှာပြင်
အထက်တွင် ရောက်ရှိနေသော လေယာဉ်၏ အမြင့်ပေ
သို့မဟုတ် အမြင့်မီတာ ကိုရသည် ။

✴      လေဖိအား သည် ရာသီဥတု ကိုလိုက်၍ ပြောင်း
လဲသည်။ ကြည်လင်သော နေ့ထက် စွတ်စိုထိုင်းမှိုင်း
သောနေ့၏ လေထုဖိအား မှာ ပိုနည်းသည် ။
မိမိ သွားမည့် လေယာဉ်ကွင်း၏ ဖိအားသည် ရှိရိုးရှိစဉ်
ထက် နိမ့်ကျနေပြီဆိုလျှင် လေယာဉ်ကွင်းအဝင်တွင်
မိုးတိမ် မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုတွေကို
မျှော်တွေး ထားနိုင်လေသည် ။

✴     ထို့အပြင် မြေမျက်နှာပြင်အနိမ့်အမြင့် ကိုလိုက်၍
လည်း ဖိအားမတူညီပေ ။ ကမ္ဘာ မြေပြင်နှင့် နီးကပ်
သော လေသည် လေထု ထုထည်ကြီးတစ်ခုလုံး၏
အလေးချိန်ဖိထားခြင်းကို ခံရသဖြင့် ဖိအားပိုများ ၍
အပေါ်သိုမြင့်တက်သွားသည်နှင့်အမျှ လေထု၏ အလေးချိန်လျော့သွားကာ ဖိအားနည်းသွားရခြင်းဖြစ်သု
ထို့ကြောင့် တောင်ပေါ်လေယာဉ်ကွင်းသည် မြေပြန့်
လေယာဉ် ကွင်းထက် ဖိအားနည်းသည် ။

✴      ဒုတိယဂုဏ်သတ္တိမှာ ' ရွေ့လျားမှု ရှိခြင်း' ဖြစ်သု။
လေသည် ကမ္ဘာ့မျက်နှာပြင် အနှံ့ဖြတ်သန်း၍ အမျိုးမျိုး
ရွေ့လျားသွားလာသည် ။ ဤသို့ဖြင့် လေတိုက်ခတ်မှု
( ဝါ )တိုက်ခတ်လေ ( wind ) ဖြစ်လာသည် ။
တိုက်ခတ်လေ ဖြစ်ပေါ်အောင် ဖန်တီးပေးသူမှာ နေ၏
အပူချိန် ( heat )ဖြစ်သည် ။ ထိုအပူရှိန်သည် ကမ္ဘာ
မြေပြင်ပေါ် သို့ ညီညီမျှမျှ မသက်ရောက်ပေ ။

✴      ပူနွေးသောနေရာရှိလေတို့သည် အပူရှိန်ကြောင့်
ကျယ်ပြန့်လာသည်။ ပေါ့ပါးလာသည်။ ထိုအခါမြေမျက်
နှာပြင်အနီးရှိ လေပေါ့တို့သည် အပေါ်သို့တက်သွားပေ
ရာ ထိုနေရာတွင် လေဖိအားနည်းပြီး ကျန်ရစ်သည် ။
ပတ်ဝန်းကျင် ဖိအားများသော နေရာမှလေတို့သည်
ဖိအားနည်းသော နေရာသို့အစားထိုးဝင်ရောက်လာခြင်း
ဖြင့် လေတိုက်ခတ်မှု ဖြစ်ပေါ်သည် ။ ပထဝီဘာသာ
တွင် သင်ကြားရသော ပင်လယ်လေနှင့် ကုန်းလေ
တို့မှာ ဤသဘောတရားအတိုင်းပင်ဖြစ်၏ ။

✴       ကမ္ဘာမြေပြင်အထက် ၆ မိုင် မှ ၉မိုင် ( ၁၀ မှ
၁၅ ကီလိုမီတာ )အတွင်းတွင် ကွေ့ဝိုက်တိုက်ခတ်သော
လေစီးကြောင်းတစ်မျိုးမှာ အလွန်မြန်သော အလျင်နှုန်း
ရှိသော ကြောင့် ဂျက်လေစီးကြောင်း ( Jet streams )
ဟုခေါ်သည် ။ လေစီးကြောင်း ဗဟိုတွင် တစ်နာရီလျှင်
မိုင် ၂၀၀ ( ၃၂၀ ကီလိုမီတာ ) နှုန်းမက ရှိတတ်သော
ကြောင့် လေယာဉ် မှုးများ အထူးသတိထားရသည် ။

✴       တတိယ ဂုဏ်သတ္တိမှာ ' တွန်းကန်ခုခံမှုရှိခြင်း'
ဖြစ်သည်။ လေ၏ တွန်းကန်ခုခံမှု ( air resistance )
သည် ပျံသန်းမှုပညာရပ်တွင် အလွန်အရေးကြီးသော
အခန်းကဏမှ ပါဝင်သည်။ ဤတွန်းကန်ခုခံမှုကို လေထီးခုန်ဥပမာတွင် သိသာနိုင်သည်။ လေထီးမပွင့်မီ
လျင်မြန်စွာကျလာသောသူသည် လေထီးပွင့်ပြီးနောက်
လေထီးကို လေကတွန်းကန်ထား သဖြင့် အကျနှေး
ကွေးရသည်။

✴      လေသည် လေထုအတွင်း ဖြတ်သန်းသွားသော
မည်သည့်ရွေ့လျား အရာဝတ္ထုကိုမဆို တွန်းခုခံမည်သာ
ဖြစ်၏။ လေထုတွင်ပါဝင်သော ဓာတ်ငွေ့ တို့၏ အဏုမြူ
မှုန် ကလေးများ ၊ မော်လီကျူးများနှင့် ရွေ့လျား
အရာဝတ္ထုတို့ ပွတ်တိုက်မိသောကြောင့် ဤတွန်းကန်
ခုခံမှု ပေါ်ပေါက် လာရသည်။

✴      အရာဝတ္ထုသည် လေထုအတွင်း မြန်မြန်ဖြတ်
သန်းသွားလေလေ လေ၏တွန်းကန်ခုခံမှုကို ပိုမိုရင်ဆိုင်
ရ လေလေဖြစ်သည်။ သင်သည် ညီညာသောလမ်းပေါ်
တွင် စက်ဘီးနင်းသွားပါက မျက်နှာကိုလေတိုးသော
ခံစားမှု့ ကိုခံစားရလိမ့်မည်။ဤသည်မှာ လေ၏
ခုခံတွန်းကန်မှု ဖြစ်၏။ အကယ်၍ ကုန်းဆင်းအတိုင်း
နင်းသွားလျှင် ပိုပြီးလေတိုးသည် ကိုခံစားရ၏။
တစ်ဖန် ကုန်းတက်ရောက်သွားသော အခါ လမ်းပြင်
ညီပေါ်မှာထက် လေတိုးမှု့လျော့နည်းသွားကြောင်းတွေ့
ရ၏။ ထို့ကြောင့် လေ၏တွန်းကန် ခုခံမှု သည်
အရာဝတ္ထု၏ ရွေ့လျားမှု နှင့် တိုက်ရိုက်အချိုးကျပေသု ။

✴      စတုတ္ထဂုတ်သတ္တိမှာ ' ဖိသိပ်ခံနိုင်ခြင်း 'ဖြစ်သည်
လေကိုပုံမှန်ရှိမြဲ လေထုဖိအား ထက် အဆရာပေါင်းများ
စွာတိုးမြှင့်၍ အလုံပိတ်နေရာ တစ်ခုခုအတွင်းတွင် ထည့်
ထားနိုင်သည်။ ယင်းလေကို ဖိသိပ်လေ
( compress air )ဟု ခေါ်သည်။ ထိုသို့လေကို ဖိသိပ်
ထားသောအခါ လေ၏ အဏုမြူ အက်တမ်နှင့်
မော်လီကျူး တို့၏ လှုပ်ရှားမှု့ နှုန်းမှာ သွက်လက်မြန်
ဆန်လာသည်။

✴       ထို့ကြောင့် ဖိသိပ်ခံထားရသော လေသည်
ပူနွေး နေ၏။ လေယာဉ် ဘီးတံ ( undercarriage
Or landing gear ) တွင် ဆောင့်ဒဏ်ခံနိုင်အောင်
ဖိသိပ်လေကို စပရင်ကန်အားသဖွယ် အသုံးပြုသည်။
နူမက်တစ်ပရက်ရှာ ( pneumatic pressure )
ဟု ခေါ်သည်။

✴       ၂၀ ရာစုဝင်ခါနီးမှ အေရိုဒိုင်းနမစ် ( Aerodynamics ) ဘာသာရပ်သည် စတင်ပေါ်ပေါက်
လာ၏။ လေ ၊ သို့မဟုတ် ငွေ့ရည် ( fluid ) တစ်
မျိုးမျိုးထဲတွင် ရွေ့လျားနေသော အရာဝတ္ထုတစ်ခုခု
အပေါ်တွင် သက်ရေက်သောအားများ ( forces )
ကို လေ့လာသော သိပ္ပံအညာရပ် ဖြစ်သည် ။
ဤ ပညာရပ်ကြောင့် လေထက်လေးသော ယာဉ်ပျံကို
တီထွင်နိုင်ခဲ့သည်။ လေထုနှင့် လေ၏ဂုဏ်သတ္တိများ
သည် လေကြောင်းပညာရပ်အတွက် အခြေခံအကျဆုံး
လိုအပ်ချက်များဖြစ်သည်။

#phyo wai linn

Thursday, May 25, 2017

Air Space


နိုင်ငံတကာရဲ့ လေကြောင်းလောက Aviation Field မှာ ပျံသန်းရန်လမ်းကြောင်း air route  လေကြောင်းဆိုင်ရာနယ်မြေ air space တွေ
ဆိုပြီးသတ်မှတ်ထားတာရှိပါတယ်။
မြန်မာနိုင်ငံလည်း ICAO အဖွဲ့ဝင်အဖြစ်လက်
မှတ်ရေးထိုးထားတဲ့နိုင်ငံဖြစ်လို့ICAO ရဲ့သတ်
မှတ်ချက်များအတိုင်း air route တွေ air space တွေသတ်မှတ်ထုတ်ပြန်ထားတာရှိပါတယ်။ မကြာသေးခင်ကမှ ထပ်တိုးထားတဲ့ air route တွေလည်းရှိပါတယ်။

Air space တွေထဲမှာ အဓိကကျတဲ့ သုံးမျိုးက
တော့
တားမြစ်နယ်မြေ Prohibited Area (P)
ကန့်သတ်နယ်မြေ Restricted Area (R)
အန္တရာယ်ရှိသောနယ်မြေ Danger Area (D) ဆိုပြီးရှိပါတယ်။

အရှေ့မှာတော့ မြန်မာနိုင်ငံရဲ့
Location Indicator အရ Nationality သတ်မှတ်ချက်ဖြစ်တဲ့ (VY)ကို ထည့်ရေးပါတယ်။
(ဥပမာ အန္တရာယ်ရှိသောနယ်မြေ နံပါတ် ၁၀ ဆိုရင် VY-D10 လို့ကြေညာပါတယ်)
အတိုကောက်အနေနဲ့ D10လို့ခေါ်ပါတယ်။
လေကြောင်းလမ်းတွေအတွက် သတ်မှတ်ထားတဲ့နယ်မြေဖြစ်လို့မြေမျက်နှာပြင်(ရေပြင် မြေ
ပြင်)နဲ့ဆက်စပ်တိုင်းတာတဲ့ ဧရိယာ သတ်မှတ်ချက်ရှိပါမယ်။
အမြင့်ပေအရ အနိမ့်ဆုံးသတ်မှတ်ချက် အမြင့်
ဆုံးသတ်မှတ်ချက် တို့ ထည့်သွင်းသတ်မှတ်ပါတယ်။

Danger Area တွေကတော့
ဒီဧရိယာ နယ်မြေထဲကို ဖြတ်ကျော်ပျံသန်းရင် အန္တရာယ်ရှိနိုင်တဲ့ အခြေအနေမျိုးအတွက် သတ်မှတ်ထားတာပါ။ဧရိယာသတ်မှတ်ချက်
အပြင် ဒီဧရိယာ အသက်ဝင် (active) ဖြစ်နေတဲ့ နေ့ရက်အချိန်တွေကိုပါထုတ်ပြန်ပါတယ်။ ဧရိယာသတ်မှတ်ချက်ကိုတော့ ကြိုတင်ကြေညာထားပြီး နေ့ရက်အချိန်ကိုတော့ NOTAM
(Notice To Air Men လေကြောင်းလောကနှင့်စပ်ဆိုင်သည့် လူများသို့ အကြောင်းကြားသည့် အရေးကြီးထုတ်ပြန်ချက်)ထုတ်ပြန်ပြီး
ကြေညာပါတယ်။
Restricted Area တွေကတော့ ကန့်သတ် ထားတဲ့နယ်မြေတွေဖြစ်ပါတယ်။ ဒီနယ်မြေထဲကို ဘယ်ကာလကစပြီး ဘယ်ကာလကြား အမြင့်ပေ အနှိမ့်ဆုံးဘယ်လောက်က အမြင့်ဆုံးဘယ်လောက်ကြား ဆိုပြီးသတ်မှတ်ပါတယ်။
အန္တရာယ်ကြုံတဲ့အခြေအနေတွေ အရေးပေါ်အခြေအနေတွေ သက်ဆိုင်ရာလေကြောင်းအာဏာပိုင်အဖွဲ့က အကန့်အသတ်နဲ့ ခွင့်ပြုပေးရင် ဖြတ်ကျော်ပျံသန်းလို့ ရပေမယ့် ကျန်အခြေအနေတွေမှာ ဝင်ရောက်လို့မရပါ။ Danger Area တွေလိုပါပဲ ဧရိယာသတ်မှတ်ချက် အပြင်
အသက်ဝင်တဲ့ နေ့ရက်အချိန်တို့ကိုပါ ထုတ်ပြန်ပါတယ်။

နောက်တစ်ခုကတော့ အရေးကြီးပါတယ်။
တားမြစ်နယ်မြေပါ။
သတ်မှတ်ထားတဲ့ ဧရိယာမှာ သတ်မှတ်ထားတဲ့ အမြင့်ပေအတိုင်း ဘယ်သူမှဖြတ်ကျော်ပျံသန်းဖို့ ခွင့်ပြုချက်မရှိပါဘူး။
တစ်နိုင်ငံနဲ့တစ်နိုင်ငံ သတ်မှတ်တဲ့နေရာ သတ်မှတ်တဲ့ပုံစံမတူပါဘူး။
နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေး မဟာဗျူဟာစီမံကိန်းတွေအရ သတ်မှတ်ကြပါတယ်။
လေကြောင်းကနေအလွယ်တကူ ဝင်ရောက်တိုက်ခိုက် နှောင့်ယှက်တာတွေက ကာကွယ်ဖို့ အရေးကြီးအချက်အခြာမြေတွေကို ဖြတ်ကျော်ပျံသန်းခွင့် တားမြစ်ကန့်သတ်ကြပါတယ်။
လုံခြုံရေးကောင်းပါတယ်ဆိုတဲ့ အမေရိကန်မှာတောင် 9/11ဖြစ်စဉ်တုန်းက ပျက်စီးဆုံးရှုံးမှုများခဲ့ပါတယ်။
သမ္မတအိမ်တော်
လွှတ်တော်အဆောက်အဦ
စစ်ဌာနချုပ်
နိုင်ငံတော်ရုံးစိုက်ရာမြို့
တန်ဖိုးထားကိုးကွယ်ရာနေရာ
ရှေးဟောင်းနယ်မြေနေရာ
နျူးကလီးယာ ဓာတ်ပေါင်းဖို
ပင်မလျှပ်စစ်ထုတ်စက်ရုံ
စတာတွေကို နိုင်ငံအလိုက် သင့်တော်သလို သတ်မှတ်ထားကြပါတယ်။
မြန်မာနိုင်ငံမှာလည်းသတ်မှတ်ထားတာတွေရှိပါတယ်။
လူသိများတဲ့ ဧရိယာကတော့
VY-P5ဆိုတဲ့ ရန်ကုန်ကတားမြစ်နယ်မြေပါ။
P5 area က ဘာတွေကို ကာကွယ်ထားလဲဆိုတော့
ရွှေတိဂုံဘုရား
Yangon Down Town
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်
ရန်ကုန်တိုင်းစစ်ဌာနချုပ်
စတာတွေပါ ဝင်ပါတယ်။
လုံးဝဖြတ်ကျော်ပျံသန်းခွင့်မပြုထားပါဘူး။

နောက်ပြီးတော့ ရန်ကုန်လေယာဉ်ကွင်းရဲ့အနေအထားကို ပြောပြချင်ပါတယ်။
မင်္ဂလာဒုံလေဆိပ်လို့သိကြပေမယ့် တည်နေရာက မင်္ဂလာဒုံ အင်းစိန် မရမ်းကုန်း မြို့နယ်သုံးခုဆုံတဲ့နေရာနဲ့ပိုနီးပါတယ်။
ပြေးလမ်းတည်ရှိပုံက  034° ရှေ့မြောက်ယွန်းယွန်း နဲ့ 214°အနောက်တောင်ယွန်းယွန်း ဆက်ဆွဲထားတာပါ။
ကွင်းမဆောက်ခင် မြေအနေအထားရွေးချယ်ကတည်းက အများဆုံးနဲ့ အဖြစ်နိုင်ဆုံး လေတိုက်ရာလမ်းကြောင်း လေစုန် လေဆန်(Down Wind & Up Wind ) တွက်ချက်ထားတာပါ။ အဲ့ဒါမှ အဆင်း အတက်လွယ်ကူမှာပါ။

ဒါပေမယ့်ချွင်းချက်အနေနဲ့
မိုးရာသီမှာ လေတိုက်ရာအရပ်က 310° အနောက်မြောက်ယွန်းယွန်းကနေ အရှေ့တောင်ယွန်းယွန်းကို ပြောင်းလဲတိုက်ခတ်တတ်ပါတယ်။ပြေးလမ်းအနေအထားနဲ့ဆိုရင် ကန့်လန့်ဖြတ် Cross Wind တိုက်တဲ့အနေအထားဖြစ်ပါ
တယ်။ လေယာဉ်တွေအတွက် အန္တရာယ်ရှိပါတယ်။နောက်ပြီးကွင်းတစ်ဝိုက်မှာ ရုတ်တရက်
လေပြင်းဆောင့်တိုက်ခြင်း Gust Wind တွေရှိ
နေတတ်ပါတယ် ။ ပုံမှန်လေတိုက်နှုန်း တစ်နာရီ ၁၅မိုင် ကနေ တစ်နာရီ ၃၀မိုင်လောက်ထိရုတ်တရက်ပြောင်းလဲတိုက်ခတ် တတ်ပါတယ်။
လေယာဉ်တွေအတွက် အန္တရာယ်ရှိပါတယ်။
နောက်ပြီး  Pilot ဒုက္ခပေးနိုင်တဲ့ မိုးတိမ်တောင် ( Cumulonimbus Cloud) တွေ မိုးရာသီမှာဖြစ်တတ်ပါတယ်။
တိမ်အောက်ခြေအမြင့်ကလည်း မြေပြင်က ပေ၂၀၀၀နဲ့ ၂၅၀၀ကြားမှာရှိတတ်ပါတယ်။ 
လေယာဉ်တွေအတွက် အန္တရာယ်ရှိပါတယ်။
ရန်ကုန်မိုးဆိုတာကလည်း ဝုန်းဝုန်းဒိုင်းဒိုင်း
သည်းသည်းမဲမဲ ရွာတတ်တဲ့အမျိုးပါ။ Heavy Rain တွေ Rain with Thunder Strom တွေခဏခဏဖြစ်တတ်ပါတယ်။ မြင်ကွင်းမရှင်းတာ Low Visibility ပြေးလမ်းချော်တာ တွေ ပြေးလမ်းမမြင်ရတာတွေဖြစ်နိုင်ပါတယ်။
လေယာဉ်တွေအတွက် အန္တရာယ်ရှိပါတယ်။
ဒါကရန်ကုန်ကွင်းရဲ့ မိုးရာသီဖြစ်လေ့ဖြစ်ထရှိတာတွေပါ။
ရန်ကုန်လေယာဉ်ကွင်းကမြန်မာနိုင်ငံမှာရှိတဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေထဲက ခရီး
သည်အများဆုံး လေယာဉ် အဆင်းအတက် အများဆုံး ကွင်းဖြစ်ပါတယ်။
ရန်ကုန်လေယာဉ်ကွင်းကတက်ရင် အများအားဖြင့် ပြေးလမ်း runway 21ဖက်ကတက်တာများပါတယ်။ 214°ကို ဦးတည်ပြီးပျံတက်မှာဖြစ်တဲ့အတွက် 21လို့ခေါ်တာပါ။
ဒီပြေးလမ်းကနေတက်တက်ချင်း ဘယ်ကိုချိုးကွေ့လိုက်ရင် အပေါ်မှာပြောတဲ့ P5ထဲကိုရောက်သွားမှာပါ။ ပုံမှန်အားဖြင့် controller တွေ က departure instruction ပေးရင် " after departure , trun right ---° " ဆိုပြီးပေးလေ့ရှိပါတယ်။
အပေါ်မှာပြောတဲ့ ရာသီဥတုဆိုးတဲ့ အခြေအနေမှာဆိုရင် ဘေးကြပ်နံကြပ်ဖြစ်ပါတယ်။
ရာသီဥတုမကောင်းရင် တက်မယ့်လေယာဉ်လည်းခက်ပါတယ်။
ဆင်းမယ့်လေယာဉ်လည်း ခက်ပါတယ်။ ရုတ်တရက်ဆင်းခွင့်မရသေးရင် hold ထားမယ့်နေရာကို ပြန်သွားရတာလည်းခက်ပါတယ်။

အခုခေတ် မြန်မာနိုင်ငံက စီးပွားရေးအခွင့်အလမ်းတွေ ပွင့်နေပြီးတော့ ပြင်ပရင်းနှီးမြုပ်နှံမှုတွေလည်းတိုးလာတဲ့ အခြေအနေပါ။နောက်ဆက်တွဲအနေနဲ့  လေကြောင်းလိုင်းအသစ်တွေ တိုးလာမယ် ။ ရှိပြီးသားလေကြောင်းလိုင်းတွေကလည်း လေယာဉ်အစင်းများစွာ ထပ်မံဖြည့်တင်းမယ်။
နိုင်ငံတကာကလည်း တိုက်ရိုက်ပျံသန်းနိုင်တဲ့ လေကြောင်းလိုင်းတွေဝင်ရောက်လာမယ်။ ဖြတ်ကျော်ပျံသန်းမှုတွေများလာမယ်။

နောက်တစ်ခုဝေမျှချင်တာက
ကျွန်တော် Work Shop တစ်ခုသွားတက်တုန်းက Knowledge လေးပါ။
FUA လို့ခေါ်တဲ့ Flexible Use of Airspace လို့ခေါ်ပါတယ်။ ဘာတွေဆွေးနွေးကြလည်းဆိုတော့ မြန်မာနိုင်ငံရဲ့ Air Space အခြေအနေတွေ အခြားနိုင်ငံတွေရဲ့ Air Space သုံးသပ်ချက်တွေ ပါပါတယ်။
ရည်ရွယ်ချက်က နိုင်ငံရဲ့ပြည်ပဝင်ငွေဖြစ်တဲ့
လေကြောင်းပျံသန်းခြင်းတွေမှာ အကျိုးဖြစ်ထွန်းနိုင်မယ့် Air Space တွေကို စနစ်တကျ အကျိုးရှိရှိ သတ်မှတ်ရေးဆွဲ အသုံးချနိုင်ရေးအတွက်ပဲဖြစ်ပါတယ်။ မလိုအပ်တဲ့
Air Space တွေ လျှော့ချမယ်။
လိုအပ်တဲ့ Air Space တွေအတွက်
နေ့ရက် အချိန် ဧရိယာတွေကို လုံခြုံရေးအမြင်အရကော စီးပွားရေးအမြင်အရကော အတတ်နိုင်ဆုံး
ညှိနှိုင်းအဖြေရှာပြီး ပြင်ဆင်ရေးဆွဲကြမယ်။ ဒါတွေဆွေးနွေးကြပါတယ်။ နောက်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ လေကြောင်းလောကမှာ လုံခြုံရေးကော စီးပွားရေးကော မျှတွေးပြီး ပိုမိုတိုးတက်ကောင်းမွန်အောင်
ကောင်းသထက်ကောင်းအောင် ဆောင်ရွက်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။

ကျွန်တော်ရေးတာနဲနဲရှည်သွားပါတယ်။
စာရေးဆရာ မဟုတ်တော့ စကားလုံးအသုံးအနှုံးတွေ၊စာအထားအသိုတွေ မကောင်းပါဘူးဗျာ။စာလည်းဖတ်ရတာလေးမှာစိုးလို့ တတ်နိုင်သလောက်ပေါ့အောင် ဆားမခပ်ပဲရေးလိုက်ပါတယ်။

Internet က ရှာဖွေထားတာတွေဖြစ်လို့
မှားယွင်းတာတွေရှိရင်လည်း တောင်းပန်ပါတယ်။
ကျေးဇူးလည်းတင်ပါတယ်။

CarToon ဗဟုသုတဝေမျှသည်

source : google images
              :  wikipedia
photo credit Aye Chan Maung Maung